Archive for April, 2009

ရင်သွေးငယ်များအတွက် အမည်ရွေးချယ်ပါ

April 26, 2009

အမှန်တကယ် တတ်ကျွမ်းသောပညာရှင်များထံ အကြံဥာဏ် တောင်းခံနိုင်သော အခြေအနေမရှိမှသာ ဤ ယေဘုကျအကြံပြုချက်ကို အသုံးပြုပါဟုလည်း တိုက်တွန်းလိုပါသည်။


ယခု မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်တွင် မွေးဖွားလာသော ရင်သွေးငယ်များအား အမည်အဖျားလုံး (နောက်ဆုံးလုံး) ကို က၊ ခ၊ ဂ၊ ဃ၊ င၊ ဍ၊ ဌ၊ ဋ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ သ၊ ဟ ဗျဉ်းအက္ခရာများဖြင့် အဆုံးသတ် အမည်မှည့်ရန် မသင့်ပါဟု အကြံပြုလိုပါသည်။

တနင်္ဂနွေနေ့ မွေးဖွားသူများကို
အမည်အရင်းလုံး (အစလုံး) အ၊ ဥ၊ ဧ၊ သြ ဖြင့် စတင်၍ အမည်အဖျားလုံး(နောက်ဆုံးလုံး) ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် အဆုံးသတ် သင့်ပါသည်။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် စတင်၍ အမည်အဖျားလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ်သင့်ပါသည်။

တနလာင်္နေ့ မွေးဖွားသူများကို
အမည်အရင်းလုံး အ၊ ဥ၊ ဧ၊ သြ ဖြင့် စတင်၍ အမည်အဖျားလုံး စ၊ ဆ၊ ဇ၊ ဈ၊ ည ဖြင့် အဆုံးသတ်သင့်ပါသည်။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး ဍ၊ ဌ၊ ဋ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဖြင့် စတင်၍ အမည်အဖျားလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ်သင့်ပါသည်။

အင်္ဂါနေ့ မွေးဖွားသူများကို
အမည်အရင်းလုံး အ၊ ဥ၊ ဧ၊ သြ ဖြင့် စတင်၍ အမည်အဖျားလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် အဆုံးသတ် သင့်ပါသည်။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး ဍ၊ ဌ၊ ဋ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဖြင့် စတင်၍ အလယ်လုံး အ၊ ဥ၊ ဧ၊ သြ ခံကာ အမည်အဖျားလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ်သင့်ပါသည် (အမည်သုံးလုံး အတိအကျပေးရပါမည်)။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး စ၊ ဆ၊ ဇ၊ ဈ၊ ည ဖြင့် စတင်၍ အမည်အဖျားလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ်သင့်ပါသည်။

ဗုဒ္ဓဟူးနေ့ မွေးဖွားသူများကို
အမည်အရင်းလုံး အ၊ ဥ၊ ဧ၊ သြ ဖြင့် စတင်၍ အလယ်လုံး က၊ ခ၊ ဂ၊ ဃ၊ င ခံကာ အမည်အဖျားလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် အဆုံးသတ် သင့်ပါသည် (အမည်သုံးလုံးအတိအကျပေးရပါမည်)။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် စတင်၍ အမည်အဖျားလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် အဆုံးသတ် သင့်ပါသည်။

ကြာသာပတေးနေ့ မွေးဖွားသူများကို
အမည်အရင်းလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် စတင်၍ အမည်အဖျားလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် အဆုံးသတ် သင့်ပါသည်။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဖြင့် စတင်၍ အမည်အဖျားလုံး စ၊ ဆ၊ ဇ၊ ဈ၊ ည ဖြင့် အဆုံးသတ် သင့်ပါသည်။

သောကြာနေ့ မွေးဖွားသူများကို
အမည်အရင်းလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် စတင်၍ အမည်အဖျားလုံး စ၊ ဆ၊ ဇ၊ ဈ၊ ည ဖြင့် အဆုံးသတ် သင့်ပါသည်။
နောက်တနည်းအားဖြင့် အမည်အရင်းလုံး အမည်အရင်းလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် စတင်၍ အမည်အဖျားလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ် သင့်ပါသည်။

စနေနေ့ မွေးဖွားသူများကို
အမည်အရင်းလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် စတင်၍ အလယ်လုံး ပ၊ ဖ၊ ဗ၊ ဘ၊ မ ခံကာ အမည်အဖျားလုံး အ၊ ဥ၊ ဧ၊ သြ ဖြင့် အဆုံးသတ် သင့်ပါသည် (အမည်သုံးလုံး အတိအကျပေးရပါမည်)။
နောက်တနည်းအားဖြင့် ဍ၊ ဌ၊ ဋ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဖြင့် စတင်၍ အမည်အဖျားလုံး ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ်သင့်ပါသည်။

အထူးအကြံပေးလိုသည်မှာ မည်သည့်နေ့ သားသမီးပင်ဖြစ်ပါစေ၊ မည်သို့ ပင်အမည်များကို တွဲသည်ဖြစ်စေ အမည်အဖျားလုံးကို အ၊ ဥ၊ ဧ၊ သြ၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ရ၊ ယ၊ လ၊ ၀ ဖြင့် အဆုံးသတ်ပေးခြင်းအားဖြင့် ကံကောင်းခြင်းကို ဖြစ်စေနိုင်ပါသည်။

လောကဓံတရားရှစ်ပါးအရ လောကီဘုံတွင် မည်သည့်အမည်နာမမဆို အပြစ်လွတ်သည်ဟူ၍ မရှိပါ၊ ကောင်းကျိုးများ၍ ဆိုးကျိုးနည်းစေနိုင်သောအမည် သို့ မဟုတ် ကောင်းကျိုးနည်း၍ ဆိုးကျိုးများစေနိုင်သောအမည် သို့ မဟုတ် ကောင်းကျိုးဆိုးကျိုး မျှစေနိုင်သောအမည် ဟူ၍သာ တည်ရှိနိုင်ပါသည်။

အမည်နာမဟူသည် လူပုဂ္ဂိုလ်၏ ကံကြမ္မာ အကောင်းအဆိုးကို ပြောင်းလဲနိုင်သော်လည်း ထိုလူပုဂ္ဂိုလ်ကိုယ်တိုင် ပြုကျင့်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ အကောင်းအဆိုးတို့ သည်သာ အဓိက အဆုံးအဖြတ် ပေးနိုင်သည်ကို သတိပြုရာသည်။

အမှန်တကယ် တတ်ကျွမ်းသောပညာရှင်များထံ အကြံဥာဏ် တောင်းခံနိုင်သော အခြေအနေမရှိမှသာ ဤ ယေဘုကျအကြံပြုချက်ကို အသုံးပြုပါဟုလည်း တိုက်တွန်းလိုပါသည်။ ယခုခေတ်တွင် စီးပွားရေးကြပ်တည်းလွန်း၍ တလသင်တန်း တက်၊ စာအုပ် ၃ အုပ်ခန့် ဖတ်ပြီး ဆရာလုပ်နေသော ပညာမပြည့်ဝသည့် ဆရာများလည်း ရှိနေသည်ကိုတော့ သတိပြုစေလိုပါသည်။

ဇေယျာမောင်

ဇွန် ဇူလိုင် မှာ ရွာမဲ့ မိုး

April 25, 2009

Prime Minister elect – burma 1990

political အားညွှန်းဆိုသည့် ၁၀တန့် ဘာဝတွင် ဂြိုဟ်များ ပူးယှဉ်၏ ။ ၁နွေဂြိုဟ် သည် စန်း၏ ၁၀ တန့်တွင် ရပ်တည်နေမှုသည်လည်း နိုင်ငံရေး သြဇာအာဏာကြီးစေ၏။ စန်းအိမ်ရှင်ဂြိုဟ် ၄ဟူးသည် ကသစ်အိမ်(မေထုန်ရာသီ) ၌ ၁နွေဖြင့် ပူးယှဉ် ရပ်တည်နေသည့် ဇာတာ ဖြစ်၏ ။

ယခု ကောဇာအနေဖြင့်

၁၀တန့် နိုင်ငံရေးဘာဝ (စန်းမှ) ၄ဟူး ထူလ ဒသာ စတင် စားလာခြင်းကြောင့်. ..၂၀၀၉ ခှုနှစ်တွင် သူမ ၏ နိုင်ငံရေး အခန်းကဏ္ဍ တစ်ဖန် ပါဝင်လာဖို့ ဖြစ်နိုင်လာ၏ ။

အားသာချက်
၎ဟူးဂြိုဟ်သည် မိမိ၏ ကသစ်အိမ်၌ ရပ်တည်ခြင်း
နေမင်း၁နွေဂြိုဟ် နှင့် လမင်း၂င်္လာဂြိုဟ်တို့သည်လည်း ၄ဟူး အိမ်ပိုင်၌ ရပ်တည်ခြင်း

အားနည်းချက်
ပါပ ဂြိုလ်များဖြစ်သည့် ရာဟု နှင့် စနေ သည် ၄ဟူးဖြင့် အမြင်ရှိခြင်း

ဇွန်လ နှင့် ဇူလိုင် လအတွင်း မိုးရွာမည် ။ သည်းသည်းမည်းမည်းရွာအံ့ ။ မျက်ရည်မိုး နှင့် သြဘာမိုး အပြိုင်အဆိုင် ရွာအံ့ .. ။

အရောင်းစာရေး မြဲစေဖို့ 

April 21, 2009

မေတ္တာနဲ့ လုပ်ရမလား ဒါမှ မဟုတ် ပရိတ်ရေ ဖြန်းရမလားပေါ့ ။

တစ်ခုသော မတ်လ ၏ စနေ နေ့  ညနေ ၅ နာရီ ကျော်ကျော်ခန့် အချိန်တွင် . .

” ဆရာ မင်္ဂလာပါ .. ။”
“အမယ် .. ဘယ်သူများလဲ မှတ်တယ် .. သမီးကိုး ..။ မင်္ဂလာပါဗျာ… ဘယ်လိုလဲ ဆိုင်ရောင်းကောင်းလား ဟဲဟဲ ။ အုန်းညွန့် ၆ ညွန့် ထိုးခိုင်းထားတာ အဆင်ပြေရဲ့ လား ။”

” ကောင်းပါတယ် ဆရာရဲ့  ။ အခု ဆိုင်အသစ်ဖွင့် လို့ လေ.. အဲဒါ တိုင်ပင်စရာလေး ရှိလို့  ..”
” ဟုတ်လား . . သမီးတို့ ဆိုင်က အရမ်းအလုပ်ဖြစ်တာပဲနော် ။ စူပါမားကတ်တွေမှာတောင် သမီးတို့ ပစ္စည်းတွေ တင်ထားတာဆိုတော့ စားသုံးသူတွေ ကြိုက်လို့ ပဲပေါ့။”

” အခု .. သမီးတို့ ဆိုင်မှာ အလုပ်သမား မရှိလို့ . . . စိတ်ညစ်ပါတယ် ဆရာရယ်..၊ အရောင်းသမားတွေက မလုပ်ကြဘူး .. ဆိုင်မှာ လူမမြဲဘူး .. (၇) ယောက်ရှိပြီ . . ၁ ရက်ပဲလာကြတယ်.. “

” ဘယ်ဆိုင်မှာတုန်း .. .
အခု အသစ်ဖွင့်တဲ့ East point shopping centre အထဲမှာ ဆရာ..။ “

“ဆိုင်ခွဲ အမည်က ဘယ်လို တင်ထားတာတုန်း . .အရင် ပင်ရင်းဆိုင် အမည်အတိုင်းပဲလား.. ။ ဆိုင်ကိုကော ဘယ်သူ ဦးစီးတာလဲ .. သမီးပဲလား ..
“ဟုတ်တယ်ဆရာ.. ပင်ရင်း ဆိုင် အမည်အတိုင်းပါပဲ… ဆိုင်က သမီးပဲ ဦးစီးတာပါ..”

“အင်း. . အလုပ်သမားတွေကို ဘာလို့ မလုပ်ချင်တာလဲလို့ မမေးဘူးလား”
“ဟုတ်ကဲ့ဆရာ.. သွားလာရေးကြောင့်လို့ တော့ ပြောပါတယ် ဆရာ . .။”

“ဟုတ်လား.. အားလုံးက အဲလိုပြောတာလား ။”
“ဆိုင်နဲ့ နီးတဲ့သူကို ထားတော့လည်း . . မလုပ်ကြပြန်ဘူး ဆရာရဲ့ ..ဘယ်လိုမှန်းလည်း မသိဘူး ။ သမီးပေးတဲ့ လစာကလည်း မနည်းပါဘူး .. “

“အင်းပေါ့လေ.. ဒါနဲ့ အဲဒီ ဆိုင်နံပါတ်က ဘယ်လောက်လဲ။”
“ဆိုင်မှာ နံပါတ် မရှိဘူး ဆရာရဲ့ ။”

“ဒါဆို သမီးရဲ့ ဆိုင်ပတ်လည်မှာ ဘာတွေ ရှိလဲ ။ ဆိုင်မှာ ဘုရားစင်ကော ရှိလား ။”
“ဆိုင်ဘေးနားမှာတော့ အသားရောင်းတဲ့ နေရာတော့ ရှိတယ် ဆရာ။ ဘုရားစင်တော့ မရှိဘူး ။”

“သြော် .. ဆိုင်မှာ ဘုရားစင်မရှိတာ မကောင်းဘူး ။ ဘုရားစင် လုပ်ဖြစ်အောင် လုပ်လိုက်နော်..။ အသားရောင်းလို့ လည်း နေမှာပေါ့လေ။ “
“ဆရာရေ . . . ဆိုင်မှာက ဘုရားစင် လုပ်လို့ မရဘူး ။ သူတို့ ချပေးတဲ့ နေရာလေးမှာ ဖွင့်ရတာလေ။”

“သြော်လုပ်လို့ မရဘူးလား . ။ အင်း … အဲသလိုမျိုးဆိုရင်တော့ ရွှေ့ ပြောင်းနိုင်တဲ့ စင်မျိုးဆိုရင်ကော။ ယာယီစံကျောင်း သဘောမျိုး ။”
“အဲလိုတော့ လုပ်လို့ မရဘူးဆရာ။ ဆရာရယ် .. လူမရတာ ဘယ်လိုလုပ်ရမလဲဟင် .. သမီးလည်း မောလှပြီ . .လူရှာရတာနဲ့  .. အဆင်ပြေအောင် ကြည့်လုပ်ပေးပါအုံး . . ။”

“လူမရတာက ဆိုင်မှာ မသန့် လို့ ပေါ့ ။ သူတို့ ဆောက်တဲ့ဟာတွေက မသန့် တာ ..ဒါမှ မဟုတ် သမီးတို့  သုံးထားတဲ့ ပစ္စည်းတွေ ဥပမာ ပရိဘောဂတွေမှာ မသန့် တာ ပါသွားလို့ ။ ဒီလိုလုပ်လေသမီးရဲ့ .. ။ ဘုန်းကြီးကျောင်းမှာ ပရိတ်ရေသွားယူပြီး ဖြန်းကြည့် .. ။”

“ယတြာလေးဘာလေး မရှိဘူးလား ဆရာရယ် .. ။”

“အာ. . . ယတြာမဟုတ်ဘူးလေ။ လုပ်ရမဲ့ ဟာလေးတွေ ၊ လုပ်သင့်တဲ့ ဟာလေးတွေကို ပြောပြနေတာလေ။ ဆိုင်မှာ မသန့် တဲ့ကိစ္စလေးတွေ ရှိနေလို့ နေမှာ ။ အဲဒါကြောင့် အလုပ်သမား မမြဲတာ ။ ဆိုင်မှာ လူမမြဲရင် ကြည့်မှန် ကြီးကြီး တစ်ချပ်ရှာပြီး ချိတ်ထားယုံပဲ။ ဒါ အာစရိယ ၀ါဒအရနော်။ ဒါပေမဲ့ သမီးရဲ့ ဆိုင်ကိစ္စကိုတော့ အဲသလိုမထင်မိဘူး။ အဲဒီတော့ ဘုန်းကြီးကျောင်းမှာ သွားမေး။ နေရာထိုင်ခင်း မသန့် ရင် ဘယ်လိုမျိုး လုပ်ရသလဲဆိုတာ ။ မေတ္တာနဲ့ လုပ်ရမလား ဒါမှ မဟုတ် ပရိတ်ရေ ဖြန်းရမလားပေါ့ ။”

“သြော် .. ဟုတ်ကဲ့ ဆရာ .. သိပါပြီ ဆရာ။ သမီးလည်း အဲသလို လုပ်ဖို့ သတိမရဘူး ။ ကျေးဇူးတင်ပါတယ် ဆရာ ။”

၁၀ ရက်ခန့့်အကြာ

“ဆရာရေ .. ဆရာပြောသလိုပဲ ဆိုင်အသစ်မှာ မေတ္တာသုတ် ရွတ်လိုက်တယ် ။ လူအဆင်ပြေသွားပြီ ..ဟီးဟီး ။”

“တယ်ဟုတ်ပါလား .. ဘယ်သူကရွတ်တာလဲ ။ ဘုန်းကြီးပင့် ရွတ်တာလား ။”
“အာ.. ဘယ်ကလာ ဆရာကလည်း ။ သမီးကိုယ်တိုင်ပေါ့ ။ အိမ်ကနေ စိတ်နဲ့ မှန်းပြီး ရွတ်လိုက်တာ။”

“ဟုတ်လား .. စိတ်မှန်းနဲ့ ရွတ်တာလား။ မေတ္တာသုတ် အလွတ်ရတယ်ပေါ့လေ။ ဆရာတောင် မရဘူး .. ဟဲဟဲ..”
“ဟုတ်တယ်ဆရာရေ့ .. အဲသလို စိတ်မှန်းလေးနဲ့ ရွတ်လိုက်တယ်။ ရရဲ့ လားဟင် .. ဆရာ ။”

“သိပါဘူးဗျာ .. စိတ်မှန်းနဲ့ ရွတ်တယ်ဆိုတော့ လည်း .. သမီးရဲ့  ကံနဲ့ ဆိုင်သွားတာပေါ့လေ။”

“ဒီလိုလေ ဆရာရဲ့ . . သမီးလည်း သမီးဆိုင်မှာ လူမမြဲလို့ .. မေတ္တာသုတ်ကို စိတ်နဲ့ မှန်းပြီး ရွတ်လိုက်တယ်။
လူမြဲပါစေဆိုပြီးတော့ ။”

” အဲဒါနဲ့ လူမြဲရောလား ..”

“အခုတော့ အဆင်ပြေနေသလိုပဲ ဆရာရဲ့ ။ ဆိုင်ကိုမှန်းပြီး မေတ္တာသုတ် ရွတ်ပြီးတဲ့အခါကျတော့ ဆိုင်မှာ အလုပ်လုပ်မဲ့ သူတွေနဲ့ အဆင်ပြေပါစေ … ဆိုပြီး တိုင်တည်လိုက်တာပေါ့ ဆရာ။ နောက်နေ့ ကျတော့ ကောင်မလေး ၁ ယောက် ရောက်လာတယ်။ အဲဒီသူနဲ့ အဆင်ပြေသွားတယ်။ အခုသူက အရင်အလုပ်က ထွက်လိုက်ပြီ ။ သမီးဆိုင်မှာ Long term လုပ်နိုင်မယ်လို့ ထင်တာပဲ ဆရာရဲ့ ။ အခုတော့ သမီးဆိုင်မှာ လိုချင်နေတဲ့ အရောင်းသမား ၂ ယောက် လုံး ရပြီဆရာ။”

သမ္မာကာလဇနသဒ္ဒ မဟာသင်္ကြန်စာ

April 12, 2009

ပြည်သူ့ အသံ မဟာသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်
သမ္မာကာလဇနသဒ္ဒ မဟာသင်္ကြန်စာ

မဟာသင်္ကြန်ကျချိန် – ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၄) ရက်၊အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၃) နာရီ (၁၅) မိနစ်၊ (၃၆) စက္ကန့်။

မဟာသင်္ကြန်အကြတ်ရက် – ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။

မဟာသင်္ကြန်တက်ချိန် – ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၇) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၆) ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ၊ (၂၀) မိနစ်၊ (၁၈) စက္ကန့်။

နှစ်ဆန်းတစ်ရက် – ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့။ (သုဒ္ဓဒိန် – ၁)။

ဇေယျတုသဗ္ဗမင်္ဂလံ ။ ။
သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄)မိနစ် ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဝိသေသအားဖြင့် ဤကဲ့သို့နှစ်ဟောင်းကူးပြောင်း နှစ်သစ်ကို ရောက်သောအချိန်၌ (မံသာနိဝုဍ္ဎတ္တိ၊ ပညာတ္တိနဝုဍ္ဎတ်္တိ) မံသာနိ အသားတို့သည်၊ ဝုဍ္ဎတ္တိ တိုးပွားကုန်၏။ ပညာတိ အသိပညာတို့သည်၊ နဝုဍ္ဎတ္တိ မတိုးပွားဟုမိန့်ဆိုသောကြောင့် ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်သာ တိုးပွာပြီး အသိဉာဏ် ပညာဗဟုသုတတို့ မတိုးပွားပဲ အိပ်စားကာမ ထိုသုံးဝဖြင့်သာ နေထိုင်ကြလျှင် နွားနှင့်မခြား တသားတည်းဟု အဓိပ္ပါယ်သက်ရောက်သောကြောင့် မိမိတို့ကြိုက်နှစ်သက်ရာ ရွက်ခေါက်သီးပွင့်တို့ဖြင့် လည်း ကောင်း၊ အမွှေးနံ့သာ တရော်ကင်ပွန်းတို့ဖြင့်လည်းကောင်း ဤခန္ဓာကိုယ် အတ္တဘောကို ပြောင်စင် အောင်ဆေးကြောသန့်စင်ပြီးလျှင် အဝတ်သစ်ရှိသူတို့က နှစ်ဦးမှာအဝတ်သစ်ကို ဝတ်ဆင်လျှက်(သို့) အဝတ် ဟောင်းရှိသူတို့က ထိုအဝတ်ဟောင်းကို ပြောင်စင်အောင် လျှော်ဖွတ်ပြီး ဝတ်ဆင်လျှက် စိတ်ပိုင်းဆိုင်ရာအနေဖြင့် သီလတည်းဟူသောပန်းကို ပန်ပြီးလျှင် တည်ကြည်စူးစိုက်မှုခေါ်သည့် သမာဓိတည်းဟူသောဝတ်ရုံကို ဆင်မြန်း လျှင် အရာရာကိုပိုင်းခြားဝေဖန်ဆန်းစစ်နိုင်သော ပညာတည်းဟူသော နို့ရည်ကိုသောက်သုံးပြီးလျှင် အတွေးမှား အကြံမှား မိစ္ဆာဝါဒများကို စွန့်လွှတ်၍ ဖြောင့်မတ်မှန်ကန်သော သမ္မာဒိဌိ အယူကို ကျင့်သုံးပြီး အစွန်းတရား နှစ်ပါး ဖြစ်သော သဿတဒိဌိ ဥစ္ဆေဒဒိဌိ အယူတို့ကို ဖယ်ကြဉ်၍ ဝိဇ္ဇာဉာဏ်စွမ်း သံလျှက်ကို ကိုင်လျှက် မောဟပိတ်ဆီး ရိပ်ကြီး ဂနိုင် ဒိဋ္ဌိ တောကိုချိုင် ဆိုသည့်အတိုင်း ဝိဇ္ဇာဉာဏ်ဦးစီးပြီး မိစ္ဆာတို့ကို အနိုင်တိုက်ရမည့်အခါပေတည်း။

သင်္ကြန္တံသဿန္တံဝိနာဿန္တု ကျမ်းကိန်းလာသည်နှင့်အညီ ဆရာကို ပြုရသောဝတ် ၊ ဆရာမှ တပည့်ကို ပြုရသောဝတ် ၊ မိဘမှ သားသမီးကို ၊ သားသမီးမှ မိဘကို ပြုရသောဝတ် ၊ မိတ်ဆွေအချင်းချင်း အပြန်အလှန် ပြုရသောဝတ်၊ ခရီးနီးဝေးမှ ရောက်လာသည့် အာဂန္တုဧည့်သည်ကို ပြုရသောဝတ် ၊ လူကျင့်ဝတ်၊ ရှင်ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ် ၊ မင်းကျင့်ဝတ်ဆိုသည့် သိဂ်ါလောဝါဒသုတ်လာကျင့်ဝတ်များအတိုင်း ကျင့်ဆောင်အပ်၏။

အထူးအားဖြင့် သစ္စာ လေးပါး အစစ်တရားတို့ကို သိအောင် ကျင့်ကြံပွားများ အားထုတ် ဆင်ခြင်ကြကုန်သော မိခင် ဖခင် ဆရာသခင် အနန္တဂိုဏ်းဝင်များ အပေါ်၌ ကံသုံးပါးနှင့်ပြစ်မှားမိသမျှ ဝန်ချတောင်းပန်၍ ရိုသေကျိုးနွံစွာ မိမိတို့တတ်စွမ်းသမျှ လှုဒါန်းထောက်ပံ့ပူဇော်ရာ၏။ ဤကား ကျင့်ဝတ်လေးထွေ ညီမျှဖို့ သိဂ်ါလောဝါဒသုတ် အလိုတည်း။

မြတ်စွာဘုရား နှုတ်ထွက်စကား မိန့်ကြားခဲ့သည်မှာ သာသနာ ငါးထောင် ဝင်းဝင်းပြောင် ရှင်းအောင် ကြည့်ကွယ့် ယောဂီရဲ့ဟု ရှေးရှေးစကားမှတ်သားခဲ့လေပြီ။ သာသနာနှစ် ငါးထောင်ခေတ်ကို တွက်စစ်သောခါ တေဝိဇ္ဇာခေတ်၊ သုံးထောင်နှစ်၌ ရှင်ချစ်ဘုရား ဟောကြားဗျာဒိတ် ယင်းအတိတ်ဖြင့် မဖိတ်မစောင်း ၊ ကျင့်ကောင်းဝိဇ္ဇာ ၊ မြတ်ဆရာတို့ ၊ ဒီပါတောင်ကျွန်း သြဘာထွန်းလျှက်၊ ထွန်းတောက် သာသနာ၊ ခုခေတ် ခါဝယ် ၊ ဆရာ စဉ်ဆက်၊ ပိုင်းဖြတ်ရေတွက်သည်မှာ

-၁။ ၀ိမုတ္တိယုဂခေတ် အနှစ် ငါးရာ – တမဂ်တဖိုလ် မှ လေးမဂ်လေးဖိုလ် အထိ ပေါက်ရောက်အောင်အားထုတ်နိုင် သည့်ခေတ် ၊ တနည်းဆိုပါက အရိယာအစစ် အဖြစ်ကြီးဖြစ်သည့်ခေတ် ၊ ဗုဒ္ဓပွင့်တော်မူသည့်ခေတ် ။ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘခေတ်။

-၂။ ဒါနယုဂခေတ်။ – အနှစ် ငါးရာ- မိမိ၊ သူတပါး အတွက် လောကကောင်းကျိုးကိုဆောင်သည့် ပေးကမ်း စွန့်ကြဲ လှူဒါန်း ထောက်ပံ့သည့်ခေတ်။

-၃။ သီလယုဂခေတ် အနှစ် ငါးရာ – ဟီရိသြတ္တပ္ပ ဟုခေါ်ဆိုသော လောကပါလတရား နှစ်ပါး၊ ဒေ၀ဒူတ တရား၊- နတ်တို့၏ သံတမန်တရား မှစ၍ ငါးပါးသီလအပါအ၀င် ဂရုဓမ္မတရား အစားစား အား ပွါးများ အားထုတ်သည့်ခေတ်။

-၄။ သမထ ယုဂခေတ် အနှစ် ငါးရာ – ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးခြင်းတည်းဟူသော သမာဓိ တရားကို အခြေခံပြီး လောကီ ဈာန် သမာပါတ်များရအောင် အားထုတ်သည့်ခေတ်။

-၅။ သုတယုဂခေတ် အနှစ် ငါးရာ – လောကီဝိဇ္ဇာ ၊ သိပ္ပ အတတ်ပညာ ၊ စာပေ ဗဟုသုတများ ပြည့်စုံ ထွန်းကား အောင် အားထုတ်သောခေတ်

ဟု သာသနာ နှစ်ငါးထောင်ခေတ်ကို ဆရာအစဉ်အဆက် ပိုင်းခြားသတ်မှတ်ရေ တွက် ခဲ့ကြသည်။

မြတ်စွာဘုရား ပွင့်တော်မူသည့်ခေတ်မှ ယနေ့ခေတ် အချိန်အထိ သာသနာကို ရေတွက် စစ်ဆေးကြည့်သော် ၂၅၅၂ ခုနှစ်သို့ရောက်ခဲ့လေပြီ။ တနည်းပြောရလျှင် ၀ိမုတ္တယုဂ ခေတ်ထဲသို့ တဖန်ပြန်လည်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း (၅၂) ထဲသို့ ၀င်ခဲ့ပြီဖြစ်သည်။ ၀ိမုတ္တိယုဂခေတ်ဆိုသည်ကား ဗုဒ္ဓလက်ထက်၌ ၀ိသာခါ သတို့သမီး ပင်လျှင် (၇) နှစ် အရွယ်နှင့် သောတာပန်တည်သော ခေတ်ဖြစ်၏။

ယခု ဒုတိယအကြိမ် ၀ိမုတ္တိယုဂခေတ် နှစ်များဖြင့် ကြုံဆုံရသည့်အတွက် ဗုဒ္ဓ၏ သားတော်သမီးတော်တို့မှာ ငါးနှစ်အရွယ်ဖြင့်ပင် သောတာပန်တည်နိုင်သည့် အခွင့် ကောင်း၊ ကာလကောင်း ခေတ်ကောင်းဖြစ်၏။ သို့သော်ငြား သပ္ပူရိသသံသေ၀ ဟုခေါ်ဆိုအပ်သော သဒ္ဓမ္မသဝန တရားစစ်တရားမှန်ကို ဟောဖေါ်ညွှန်ပြ ဆိုဆုံးမနိုင်သည့် ဆရာစစ် ဆရာမှန်တို့ထံတွင် နိဿရည်းကို သိပ်သည်းစွာ ခံယူတတ်ဖို့တော့ လိုအပ်၏။


ဆရာသည်လည်း အင်္ဂါ (ရ) ပါးနှင့် ပြည့်စုံသောဆရာ ၊ တပည့်သည်လည်း ကလျှာဏ အင်္ဂါ (၅) ပါးနှင့် ပြည့်စုံသော တပည့် ၊ တရားသည်လည်း အင်္ဂါ (၆) ပါးနှင့် ပြည့်စုံသောတရား ၊ တနည်းဆိုလျှင် သံဒိဌိက ဂုဏ်ဖြင့် ကိုက်ညီသည့်တရား ၊ ထိုသို့  အဖက်ဖက်မှ အင်္ဂါရပ်များဖြင့် ပြည်စုံနေသည့် တရားတော်များကို ဟောခွင့် နာခွင့် အားထုတ်ခွင့် ကျင့်ကြံပွါးများခွင့်တွေ ရမည်ဆိုလျှင် လေးသင်္ချေ နှင့် ဗိုလ်ခြေတသိန်း ကျွတ်တန်း ၀င်မည့် သာဝကထဲတွင် ပါဝင်ပြီး အရိယာခေတ်ကြီးကို ထူထောင်နိုင်လိမ့်မည်။ ထိုသို့  ခေတ်ကောင်း အခါ ကောင်းနှင့် ကြုံကြိုက်နေသည်မှာ နှစ်ပေါင်း (၅၂)နှစ်ထဲသို့ရောက်ခဲ့လေပြီ။ ဗုဒ္ဓသာဝက ဖြစ်ခွင့်ကြုံသည်မှာ (၅၂)နှစ် ရှိနေပြီဖြစ်၏….။

ဝိမုတ္တိယုဂခေတ် ဆိုသည်မှာကား လောကုတ္တရာ တရားအားထုတ်ရန်အတွက် ဓါတ်သံ၊ ပရမတ်သံ ဝိပဿနာ အသံများ ပွက်ပွက်ညံလျှက် သောတပန် မှိုလိုပေါက်နိုင်သည့်ခေတ်၊ အပါယ်တံခါး ပိတ်သည့်ခေတ်၊ မည်မျှဝမ်း မြောက်ဖွယ်ကောင်းလိုက်မည်နည်း ဆိုသည်ကို စဉ်းစားကြပါကုန်လေ . . ။

ထေရ၀ါဒ ထွန်းကားပြန့်ပွားရာ ကမ္ဘာ့မဏ္ဍိုင်ကြီးသဖွယ်ဖြစ်သည့် ပြည်ဗမာ၌ မိစ္ဆာမင်းဆက်များ စဉ်ဆက်မပြတ် ပေါ်ထွက်နေသည့်အတွက် သောတာပန်ဖြစ်ဖို့ဝေးစွ ၊ အရိယာဖြစ် ဖို့ဝေးစွ ၊ တမဂ်တဖိုလ်ကို ရက်တိုတိုဖြင့် ရောက်ဖို့ဝေးစွ၊ လောကီသူတော်ကောင်း ဘဝသည်ပင် အစော်မနံပဲ မိစ္ဆာမင်းဆက်တို့မှ အဝိဇ္ဖာခေတ်ကြီးကို ထူထောင်ကာ လောကီသူတော်ကောင်း ၊ လောကုတ္တရာသူတော် ကောင်း၊ မည်သည့်သူတော်ကောင်းမှ မကောင်း. . ငါတို့သာလျှင် ကောင်းသည် ဆိုသည့် မူကိုလက်ကို်င်ထားကာ ပရိတ်ရွတ် မေတ္တာပို့ ဆုတောင်းရုံမျှကိုပင် ဖမ်းဆီးထောင်ချ အပြစ်ပေးနေသည်မှာ မိစ္ဆာခေတ်ကြီးကို ပီပီပြင်ပြင် ထူထောင် နေပြီဆိုသည်အား အရိယာအလောင်းနှင့် အရိယာအပေါင်းတို့ သိစေကြောင်း ထပ်လောင်းနှိုးဆော်လိုက်ပါ၏။

အဝိဇ္ဇာခေတ်ကြီးအား ထူုထောင်နေသည့် ဗမာပြည်၌ ယထာဘုတဉာဏ်ကို အခြေခံသော သဒ္ဓမ္မသဝနတရား ထွန်းကား ပြန့်ပွားနိုင်ပါမည်လော။ တဏှာ၊ မာန ဒိဋ္ဌိ အစရှိသည့် တရားများ ပြန့်ပွားအောင် အားပေး ကူညီနေသည့် မိစ္ဆာမင်းဆက် ခေတ်၌ အရိယာဖြစ်ကြောင်းတရား ထွန်းကား နိုင်ပါတော့မည်နည်း။


ဤသို့  လောကုတ္တရာဘက်၌လည်း မတိုးတက်၊ လောကီဟု ခေါ်ဆိုသည့် လူသားအားလုံးအတွက် သီလကို အခြေခံသည့် ဂရုဓမ္မတရားများသည်လည်း မတိုးတက်၊ တနည်းဆိုရပါလျှင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ အမှန်တကယ် လိုအပ်နေသည့် သန္တိပါဒ တရားများသည်လည်း မတိုးတက်ဘဲ လူသတ္တဝါအချင်းချင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် ဝိဟိံသတရားများသာ ထွန်းကားပြန့်ပွားနေသည့် တိရိစ္ဆာန်ဖြစ် ခေတ်ကြီး ဖြစ်အောင် ထူထောင်နေသည့် ဗမာပြည်၌ တိုင်းသူပြည်သားလူအများအတွက် ခေတ်ကောင်း စနစ်ကောင်းဖြစ်အောင် ကျွန်ုပ်တို့လုပ်နေပါသည်ဆိုသည့် စကားများသည် မှန်ကောမှန်နိုင်ပါ့မည်လား .. အို. .. သူတော်ကောင်း အပေါင်းတို့  စဉ်းစားကြည့်ကြပါကုန်လော့။

ယနေ့သည်ကား နိဗ္ဗန်မရောက် (၃၆) ဆိုသည့် အလုပ်များနှင့်သာ အချိန်ကုန်ကြပြီး လောကီသူတော်ကောင်း လောကုတ္တရာ သူတော်ကောင်း ဖြစ်ခွင့် မရသည့် ဘဝများနှင့်သာ ရင်ဆိုင်နေကြရပြီ မဟုတ်ပါလော။ သဒ္ဓမ္မသဝန တရားအား နားကြောဆင်ခြင် ပေါက်ရောက်အောင် အားထုတ်ချင်သည် ဆိုပါလျှင် ယထာဘူတ ညာဏာရ သတ္ထာပရိယေသိတဗ္ဗာ ဟု မှာကြားတော်မှုသည့်အတိုင်း ရုပ်တစ်လုံး၊ နမ်တစ်လုံး အပေါ်၌ ယထာဘူတာဉာဏ်ဖြင့် တရားများဆုံးအောင် ဟောဖေါ်ညွန်းပြဆို ဆုံးမနိုင်သည့် ဆရာစစ်ဆရာမှန်ကို ရှာဖွေမှီဝဲဆည်းကပ်ကြကုန်လော့။ ဤကား လောကုတ္တရာတရားအတွက် ဖြစ်၏။

တဖန် လောကီကို ငဲ့ကွက်၍ ပြောရမည်ဆိုလျှင်

(၁) စိတ်ထားဖြူစင်
(၂)သူတော်ကောင်း လက္ခဏါနှင့် ပြည့်စုံကာ
(၃) ကိုယ်ကျင့်တရားကောင်းမွန်ပြီး
(၄)ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်သော ခေါင်းဆောင်ကောင်းကို ဦးထိပ်ထား ၍

မိမိတို့ယုံကြည်ရာ ဝါဒလမ်းစဉ်ကို မမှိတ်မသုံ၊ မမှုန်မဝါး အချိန်မှီအချိန်ကိုက် ချီတက်ကြပါကုန်လော့ဟု လောကုတ္တရာအတွက် ရည်ရွယ်ကာ လောကအလိုသဒ္ဓါပို၍ ညွှန်ပြလိုက်ပေသည်။ ဤကဲ့သို့ လောကလည်း မဖျင်း၊ ဓမ္မလဲမယွင်းလျှင် မိစ္ဆာ မင်းဆက်များချုပ်ငြိမ်းလိမ့်မည်။ ထို့ကြောင့် မိစ္ဆာကို ဝိဇ္ဇာရှင်းအံ။

ဝိမုတ္တိယုဂခေတ်ဆိုသည်မှာ နေ့စဉ်နှင့်အမျှ မြင်တွေ့ခံစားနေရသည့် ရုပ်နာမ်ဟုသမုတ်ခံရသော သဘောတရား အပေါ်၌ သညာမှတ်မှားပြီး ငါ သူတပါး ယောကျာင်္း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟု အစွဲဝင်ကာ လွဲထင်နေသည့် အတ္တအတ္တနိယျ ကို အခြေခံသည့် အယူအဆမှားများကို ပယ်သတ်လျှက် ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာ တရားနှစ်ပါး ချုပ်ငြိမ်းနိုင်သည့်ခေတ်။ အလွန်တရာမှရခဲလှသည့် ဗုဒ္ဓုပ္ပဒနဝမခေတ် ဟုခေါ်၏။

ဤသို့  ခေတ်ကောင်းကို ကြုံနေပါလျှက်” ဒီခေတ်မကောင်း ဘူး ခေတ်ဆိုးခေတ်ကြပ်ကြီးပါ. . ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတာ ” ဆိုသည့် ပုဂ္ဂိုလ်များအားလည်း ခေတ် မကောင်းသည် မဟုတ်ပါချေ။ ခေတ်ကကောင်းပြီးသား ပေ . . သို့ ရာတွင် စနစ်မကောင်း သည်ဟုသာ အဆိုပါ ပုဂ္ဂိုလ်များ သိစေရန် ညွှန်ပြလိုက်ရပေ၏။

အရိယာအပေါင်းနှင့် သူတော်ကောင်းတို့ နှစ်ထောင်းအားရတော်မှုသော သဒ္ဓမ္မသဝန တရားဆိုသည်မှာကား ယခုလို ဗုဒ္ဓုပ္ပါဒ ခေတ်၌သာ ပေါ်ထွန်း၏။ ထိုတရား ထွန်းကားပြန့်ပွားဖို့ရာ အရှင်ကောင်း အရှင်မြတ်များ၏ ဉာဏ်ဖြင့် ကွန့်မြူးပြီးမှ ဟောဖေါ်ညွှန်ပြ ဆိုဆုံးမရပေ၏ ။ လွတ်လပ်စွာ တရားဟောခွင့်၊ လွတ်လပ် စွာ တရားနာကြားခွင့် မရသည့် အရိယာအပေါင်းနှင့် အရိယာအလောင်း သူတော်ကောင်းတို့မှာကား အောက်မဂ်သား ခေါ် သောတပန် မှ အစ အထက်မဂ်၊ အထက်ဖိုလ်သို့ ဆက်တက်ခွင့် မရနိုင်ဘဲ မဂ်ဖိုလ်တရား ဆုံးပါးနေရသည်မှာ ကာလကြာခဲ့လေပြီ။ ဤကား……မိစ္ဆာမင်းဆက်တို့၏ဆိုးကျိုးတည်း။

လောကီဘက်ကိုငဲ့ကွက်၍ တိုင်းသူပြည်သား လူအများတို့၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အရပ်ရပ်တို့ကို တွက်စစ်ကြည့်သော် နိုင်ငံရေးစနစ် မကောင်းသည့် အတွက် သွေးခွဲအုပ်ချုပ်ခြင်း ၊ အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့ ကြီးနိုင်ငယ်ညှင်း လူသားအချင်းချင်း နည်းမျိုးစုံ ညှင်းပန်းနိုပ်စက်နေသည်မှာ မြန်မာပြည်တွင်မက ကမ္ဘာ့  နိုင်ငံ အသီးသီးမှ သိရှိပြီးဖြစ်လေသည်။ ထို့ကြောင့် စနစ်ကောင်းတစ်ခု ခေတ်ကောင်းတစ်ခု အမြန်ဆုံး ပေါ်ပေါက်လာစေရန် လူတိုင်းကိုယ်စီကိုယ်ငှ တာဝန်ရှိကြသည့်အတိုင်း ပေါင်းစည်းညီညွတ်စွာ ဝိုင်းဝန်း ဖေါ်ဆောင်ဖို့လိုအပ်နေပြီး ဝိမုတ္တတိယုဂခေတ် ဗဒ္ဓုပ္ပါဒခေတ် အရိယာအစစ် အဖြစ်ကြီး ဖြစ်ထိုက်သော ခေတ်ကြီးထဲ၌ လောကီတရား သည်လည်း သုံး၍မရ၊ လောကုတ္တရာတရား သည်လည်း ဆုံးပါးရသည့် ဘဝဆိုးမှ လွတ်မြောက်ဖို့အချိန်တော်ပြီ။

အရိယာအပေါင်းနှင့် အရိယာအလောင်းတို့ ပေါ်ထွန်းရာ ထေရဝါဒ ထွန်းကားပြန့်ပွားသည့် ဗမာပြည်၌ ပညာရှိသူတော်ကောင်းတို့ နှုတ်ဆိတ်နေရသည့် ဘဝဆိုးမှ လွန်မြောက်ဖို့အချိန်တန်ပြီ၊ ဓမ္မတာကို သိကြားမင်းများပါယ်မည်။ ဘာဝနာကို တရားမင်းများ ကယ် မည်။ ဤကားနှစ်ဘက်လှ မဟာပညာကျော်တို့၏ အလိုတည်း။

အတာဆန်းထူး၊ နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား အစစအရာရာ အောင်မြင်ခြင်းကို ဆောင်သော ဇေယျနှစ်တည်း။

နှစ်ကိုလစောင့်၏။ လကိုရက်စောင့်၏။ ရက်ကို နာရီမိနစ်တို့စောင့်၏။ ကောင်း ကင်ကို အာကာသဟင်းလင်း ပြင်စောင့်၏။ သစ်တောကို သစ်တောအရာရှိတို့စောင့်၏။ တရားစောင့်သောသူကို ထိုတရားက တဖန်ပြန်၍ စောင့်၏။ ဝိဇ္ဇာကို မိစ္ဆာစောင့်၏။ ကိုးသုံးလုံးဂိတ်ကို(DKBA)စောင့်၏။


ဒီမိုကရေစီစနစ်ကို လိုလားတောင်းတကျင့်သုံးလိုသော လူတို့စောင့်၏။ မိုးရွာခြင်း အကြောင်းတရား ငါးပါးပြည့်စုံက မိုးရွာအံ့။ တိုင်းနိုင်ငံအသီးသီးတို့၌ မီးကိုပေါ့ဆသောသူ မီးရှို့သောသူများပါက မီးသည် ကြိမ်ဖန်များစွာလောင်အံ့။ မီးလောင်နေစဉ် အတွင်း ကျွမ်းကျင်သောမီးသတ်ဝန်ထမ်းများနှင့် ခေတ်မှီသော မီးသတ်ကရိယာများမရှိက ထိုမီးသည် အစွမ်း ကုန်လောင်အံ့ ။ ခေတ်မှီသောမီးသတ်ကရိယာများ ရှိပင်ရှိငြားသော်လည်း တကယ်ငြိမ်းသတ်လိုသော ဝန်ထမ်း များမရှိက ထိုမီးသည်နှစ်ဆတိုး၍လောင်အံ့။


ပြည်ကြီးက ပြည်ငယ်ကိုနိုင်အံ့။ ပြည်ကြီးသားတို့သည်လည်း အချင်း ချင်းညီညွတ်မှု မရှိက ပြည်ကြီးကို ပြည်ငယ်ကနိုင်အံ့။ ဒီမိုကရေစီစနစ်ကို လိုလားတောင်းဆိုကြကုန်သော နိုင်ငံ ရေးအတိုက်အခံအင်အားစုနှင့် ပြည်သူုတို့စုပေါင်း၍ ညီညွတ်ကြောင်းတရားပြုလုပ်နိုင်ပါက စစ်အစိုးရကိုနိုင်အံ့။ အတိုက်အခံနှင့် ပြည်သူတို့ ညီညွတ်ကြောင်းတရား မပြုလုပ်နိုင်ပါက စစ်အစိုးရသည် နိုင်အံ့။ ပြည်သူတို့၏သည်းခံ နိုင်မှုကုန်ခမ်းလာပါက ရရာလက်နက်စွဲကိုင်၍ သို့မဟုတ် အပစ်ရပ် အဖွဲ့အစည်းများနှင့် လက်တွဲ၍ ပေါ်ပေါက် လာသော မင်းလောင်း၏ ခေါင်းဆောင်မှုကို ခံယူ၍ နောက်ဆုံးတိုက်ပွဲဆင်နွှဲအံ့။

ကမ္ဘာ့နိုင်ငံအသီးသီးမှ (၄၁) နိုင်ငံသောပြည်သူတို့သည် ဒီမိုကရေစီစနစ်ကို လိုလားတောင်းဆိုပြီး ပွားများ ကျင့်သုံးအံ့။ အနာဂါတ်ကာလတို့၌ ဒီမိုကရေစီစနစ်ကိုမကျင့်သုံးသော တိုင်းနိုင်ငံတို့ကို စစ်ကြေညာ၍ တိုက်အံ့။ လူတဦးချင်းသည်လည်း ဒီမိုကရေစီ စနစ်ကို မကျင့်သုံးပါက ဘေးဥပ္ပါဒ်အန္တရယ်ရောက်အံ့။(ဝိသေသအားဖြင့် ပြည်သူကို ညှင်းပန်းနှိပ်စက်သော အဖွဲ့ အစည်းဝင်များသည် ပြည်သူကို အချိန်မှီအချိန်ကိုက် ဝန်ချတောင်းပန်မှုမပြုလျှင် ကြီးလေးသော ဘေးဥပ္ပဒ် အန္တရာယ်ရောက်အံ့။)


နိုင်ငံငယ်များအပေါ်တွင် လွှမ်းမိုးချယ်လှယ်နိုင်သော အဏာပိုင်သည့် နိုင်ငံများ ဝိဇ္ဇာဥာဏ် အမြင်မှန်ရ၍ အမျိုးကောင်းသားတို့ စုဝေးရာ ကုလသမဂ္ဂနှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်အံ့။ အာရှနိုင်ငံအတွင်းမှ ခေါင်းဆောင်တို့သည်လည်း မြန်မာ့အရေးတွက် အစဉ်းစားကျပ်သော ဥပ္ပါဒ် သင့်အံ့။ စေတီနှစ်ဆူ အသွင်တူ ပြည်သူလဲမွဲ တပ်လဲကွဲ ဆိုသည့်အတွက်ကြောင့် တပ်မတော်ကိုပြည်သူစောင့်၏။ ထို့ကြောင့်ပြည်သူ ကို စောင့်ရှောက်သော ပြည်သူတပ်မတော်ပေါ်အံ့။ ဤကားဝိဇ္ဇာအရှင်မြတ်များ၏အလိုတည်း။


ဖြေးဖြေးဖတ်၊ ခဏခဏရပ်၊ ကြပ်ကြပ်တွေး၊ လေ့လာပါ၊ ဆင်ခြင်ပါ၊ သင့်အတွက်၊ တက်လမ်းမုချတွေ့လိမ္မည် ။

source: မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း

note: ဆောင်းပါးရှင်၏ အာဘော်သာဖြစ်၏


သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ ၂

April 11, 2009

သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ


တန်ခူးလတွင်။ ။
အထည်အလိပ် ၊ တူရိယ ၊ ယာဉ် ၊ လျှပ်စစ်ပစ္စည်းများ ၊ ဖျော်ရည် ၊ စားသောက်ကုန် ပစ္စည်းများ ရောင်းဝယ်ခြင်းဖြင့် အကျိုးအမြတ် ရရှိအံ့၊ မီးဘေးအန္တရာယ်ကို သတိဖြင့် ကြိုတင်ကာကွယ်နိုင်အံ့။ နိုင်ငံတကာ ဆက်ဆံရေး အဆင်ပြေအံ့ ၊ ကျွဲ၊ နွား ၊ အခြေ ၄ ချောင်း သတ္တ၀ါများ ဈေးကောင်းရအံ့၊ ရွှေအရောင်းအ၀ယ်တွင် အကျိုးအမြတ် များအံ့၊ ဂျုံ၊ ပြောင်းမြေပဲ၊ ဆီထွက် သီးနှံ အမျိုးမျိုး ၊ မဆလာ၊ ဆန်စပါး၊ ကြံသာကာ၊ သကြား ၊ ဆီ ၊ ထောပတ် ၊ နှမ်း ၊ ပရုပ် အရောင်းအ၀ယ် ပြုလျှင် အကျိုးအမြတ် ရရှိအံ့၊ လဆန်း ၉ ရက်အတွင်းလူး၊ ယမကာမျိုးစုံ ဈေးကောင်းရအံ့၊ လဆန်း ၁၀ ရက် နောက်ပိုင်း ဇာတိပ္ဖိုလ် ၊ တွင်းထွက်ပစ္စည်း ၊ ရွှေငွေစသော ဓာတ်သတ္တု အမျိုးမျိုး၊ တွင်းထွက်ပစ္စည်းအမျိုးမျိုး ၊ ဆေးဖက်ဝင် ပစ္စည်းများ ၊ ထင်းရှူးသား အရောင်းအ၀ယ်ပြုလျှင် အကျိုးအမြတ်များစွာ ရရှိအံ့၊ ရုပ်ရှင် ၊ သဘင် ၊ တေးဂီတ၊ အနုပညာတို့  ပိုမို အဆင့်အတန်းမြင့်မားလာအံ့၊အနုပညာရှင်များ ဂုဏ်ပြုခြင်းခံရအံ့၊ ထူးချွန်ပြောက်မြောက်သော အနုပညာရှင်များ ပေါ်ပေါက်လာအံ့၊ သယ်ယူပို့ ဆောင်ရေး ၊ လမ်းပန်း ဆက်သွယ်ရေးတို့ တွင်သဘာဝဘေးဒဏ်ကို ခေတ်မီသော နည်းပညာများကြောင့် ကာကွယ်နိုင်အံ့။ အုပ်ချုပ်သူများသည် အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုရရှိအံ့။

ကဆုန်လတွင်။ ။
စားသောက်ကုန်ပစ္စည်းများ၊ အ၀တ်အထည်၊ တီဗွီ ၊ ရေခဲသေတ္တာ၊ အနုပညာမြောက်သော ပန်းချီ၊ ပန်းပုလက်ရာများ ရောင်းဝယ်ရေး ကောင်းအံ့၊ ဆည်မြောင်း ၊ တာတမံ ၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်အံ့၊ ထူးချွန်သော စက်မှုပညာရှင် ၊ ဓာတု ၊ ရူပ ပညာရှင်၊ ဆေးပညာရှင်မျး ပေါ်ထွန်းလာပြီး အများအကျိုးပြု လုပ်ငန်းများ အောင်မြင်အံ့၊ နိုင်ငံတော်၏ ကာကွယ်ရေးစနစ်များ ပိုမိုတိုးတက်လာအံ့၊ မြေပဲ၊ ဆီထွက်သီးနှံများ၊ နို့ ဆီ၊ ထောပတ် ရှားအံ့၊ ကျွဲ၊နွား၊ ဆင်၊ မြင်း ဈေးကောင်းရအံ့၊သကြား၊ ဆီ၊ နှမ်း ရှားပါးအံ့။ ထန်းလျက်၊ ကြံသကာ ၊ တင်လဲ၊ သကြား ၊ နှမ်းဖတ်၊ ဆန်၊ ထောပတ်၊ ပတ္တမြား၊ ပုလဲတို့ ဈေးကောင်းရအံ့၊ အုန်းသီး ၊ ပန်းသီး ၊ ပတ္တမြား၊မီးဖိုချောင်ပစ္စည်းများ ရောင်းဝယ်လျှင် အကျိုးအမြတ် ရရှိအံ့၊ နိုင်ငံတကာ ရေကြောင်း သယ်ယူပို့ ဆောင်ရေး နှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး ပိုမို ဖွံ့ ဖြိုး လာအံ့။ကုန်သွယ်ရေး ဆက်သွာရေး ပညာရေးတို့ အတွက် ခေတ်နှင့်လျော်ညီသော ဥပေဒများ ပေါ်ထွန်းအံ့၊ ကမ္ဘာ့သာသနာပြုလုပ်ငန်းများ အခက်အခဲများနှင့် ကျော်လွှား၍အောင်မြင်မှုများ ရရှိအံ့။

နယုန်လတွင် ။
လက်ဖက်၊ ကြက်သွန် ၊ ထန်းလျက် ၊ ကွမ်း၊ ကွမ်းသီး ၊ ပရိဘောဂ၊ ယာဉ်အမျိုးမျိုး ၊ ကြိုးတပ်တူရိယာများ ရောင်းဝယ်ရေး ကောင်းမွန်အံ့၊ ကန်ချောင်း ၊ ဆည်မြောင်းများမှ တစ်ဆင့်လိုအပ်သော ရေရရှိမှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်အံ့၊ အများပြည်သူ ပျော်ရွှင်ကြအံ့၊ မိုးလေထန်အံ့၊ ဆန်စပါး ဈေးကောင်းအံ့၊ အစာရေစာ ပေါများအံ့၊ မိုးရွာသွန်းမှုများအံ့၊ ၀ပြောစည်ပင်အံ့၊ သန္တာကျောက်ရှားအံ့၊ ပုလဲ ၊ ရေအောက်ပစ္စည်းများ၊ မော်တာ ၊ ဒိုင်နမို၊ အင်ဂျင်စက်များ ၊ သံ ၊ သံမဏိ၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှု တိုးတက်အံ့၊ အရောင်းအ၀ယ်ပြုလျှင် အကျိုးအမြတ် များစွာရရှိအံ့၊ ထောပတ် ၊ ကောက်ပဲသီးနှံများ ၊ အ၀တ်အထည်အမျိုးမျိုး ၊ ၂ လအတွင်း ဈေးကောင်းရရှိအံ့။ခွန်နီပြောင်း ၊ ငရုတ် ၊ ဆေးနှင့် ဆေးပစ္စည်းတို့ အရောင်းအ၀ယ်သွက်ပြီး အမြတ်အစွန်းများအံ့၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများမှ အကျိုးအမြတ်ရရှိကြအံ့။ စက်ရုံ အလုပ်ရုံများတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုစနစ် ကောင်းမွန်မှသာ အန္တရာယ် နည်းပါးအံ့ ၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာအံ့၊ ယဉ်ကျေးမှုများကို ဖော်ထုတ်ရာတွင်ရုပ်ရှင် ၊ ဂီတ၊ သဘင်၊ အနုပညာရပ်များကြောင့် ပိုမိုအောင်မြင်အံ့။

ဝါဆိုလတွင် ။ ။
ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ပေါများအံ့၊ ယဉ်ကျေးမှုစရိုက် လက္ခဏာများလွှမ်းမိုးလာအံ့၊ တရားဘာဝနာ ပွားများအားထုတ်မှုများ ပေါများလာအံ့။ အနုပညာ ၊ စက်မှုပညာ ၊ ဥပဒေပညာ၊ စီးပွားရေး ပညာရပ်များ ပို၍ ထွန်းကားလာအံ့။ အလှူဒါန ကုသိုလ်ကောင်းမှု ပြုသူများအံ့။ လဆန်း ၁၅ ရက်အတွင်း မိုးကြီးစွာရွာသွန်းအံ့၊ အချို့ နေရာများတွင် ရေကြီးအံ့၊ ရေလျှံအံ့၊ လဆန်း ၁၄ ရက်နောက်ပိုင်း ဆန် စပါး ရောင်းဝယ်မှု ကောင်းအံ့၊ နံ့ သာဆီ ၊ အကျော်စသည့် အမွှေးအကြိုင်များ ၊၀ါဂွမ်း ၊ အ၀တ်၊ အထည်အလိပ် ၊ အ၀တ်အစား ၊ ဈေးကောင်းရကြအံ့၊ မြေပဲ ၊ ပြောင်း ၊ နှမ်း၊ ကောက်ကြီး ၊ မုယော ၊ ပတ္တမြား၊ စိန် ၊ ဓာတ်သတ္ထုပစ္စည်းများ အကျိုးအမြတ်ရရှိအံ့၊ ပဲရာဇာ၊ ပဲတီစိမ်းနှင့် အစိမ်းရောင် ကုန်ပစ္စည်းများ ဈေးနှုန်းချိုအံ့၊ ကြိုတင်ကာကွယ်ရေးစနစ်များ ကောင်းမွန်ခြင်းတို့ ကြောင့် မီးဘေးအန္တရာယ်မှ အောင်မြင်ကျော်လွှားနိုင်အံ့။ နိုင်ငံတကာ ကုန်စည် ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်များ ရရှိအံ့။ အကျိုးအမြတ်ဖြစ်ထွန်းအံ့။ အခွန်ဘဏ္ဍာငွေ ပိုမိုတိုးပြီး ရရှိအံ့။ ကုန်သွယ်ရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဥပဒေသစ်များ ပေါ်ထွန်းအံ့။ ထင်ရှားသော အနုပညာရှင်များ ဆုံးရှုံးမှုနှင့် ဘေးအန္တရာယ်ရှိအံ့။ ပြည်သူများ အပြုသဘောဆောင်ကာ နိုင်ငံတော် အစိုးရနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာအံ့။

ဝါခေါင်လတွင်။ ။
မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ၊ သစ်သီးဝလံများ ၊ နွားနို့ ဒိန်ခဲ ရောင်းဝယ်ရေး ကောင်းအံ့၊ ရေကြောင်းခရီး သွားလာရေး အဆင်ပြေအံ့၊ ဤလတွင် မိုးရွာသွန်းမှုများအံ့။ဆန်စပါးဈေး သင့်၍ အစားသောက်မှု ဖူလုံအံ့။ ဖျော်ရည် ၊ ယမကာ ၊ ထင်းရှူးဆီကို ရောင်းဝယ်လျှင် အကျိုးအမြတ် ရရှိအံ့။ ပျား ၊ တင်လဲ စသော အရည်ကုန်ပစ္စည်းများ၊ဓာတ်သတ္ထုအမျိုးမျိုး၊ သိုးမွေးထည်များ ဈေးကောင်းရအံ့။ စပါး ၊ ပဲစဉ်းငုံ၊ ရွှေ ၊ ငွေ၊ ယွန်း၊ ကျောက်မျက်ရတနာတို့ ၂ လအတွင်းဈေးကောင်းရ၍ အရောင်းအ၀ယ် သွက်အံ့။အကျိုးအမြတ်ရရှိအံ့။ ဆေးနှင့် ဆေးပစ္စည်းများ ၊ ချည်ထည်များ ၊ သစ်တောထွက်ပစ္စည်းများ ၊ သဘာဝဓာတ်ငွေ့ ၊ ကောက်ပဲသီးနှံတို့ ဈေးနှုန်းချိုအံ့၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊လျှပ်စ်ပစ္စည်းအမျိုးမျိုး၊ တီဗွီ၊ ဗွီဒီယို၊ ကင်မရာ၊ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုး၊ သားရေထည်များ၊ မွှေးကြိုင်သော ပစ္စည်းများ ဈေးနှုန်းသက်သာအံ့၊ အမြင်မတူသူ အချို့ အားစည်းရုံးမှုဖြင့် အောင်မြင်အံ့၊ ပိုမိုခေတ်မီတိုးတက်သော ကျန်းမာရေး စောင့်ရှောက်မှုများ ၊ ကုသမှုများ အောင်မြင်၍ ပြည်သူအများ စိတ်ချမ်းသာအံ့၊ အများပြည်သူ နှင့်သက်ဆိုင်သော အဖွဲ့ အစည်းများတွင် အောင်မြငှ်ုများ ရရှိအံ့၊ အလှူအတန်းပြုသူများ တိုးပွားအံ့၊ နိုင်ငံတကာ ဆက်သွယ်ရေး ၊ ကုန်သွယ်ရေး ကိစ္စများတွင် ပိုမိုတိုးတက်မှုရရှိအံ့။

တော်သလင်းလတွင်။ ။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး တိုးတက်အောင်မြင်အံ့။ အင်တာနက်၊ ကွန်ပျူတာ၊ တယ်လီဖုန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများ အောင်မြင်အံ့၊ ထောပတ် ၊ ဆီ ၊ ပျားရည်ဈေးကောင်းအံ့။ မိုးရွာသွန်းမှုကောင်းအံ့။ ဂျုံ ၊ မုယော ထွက်ရှိမှု နည်းအံ့။ ဆီ ၊ နှမ်း ၊ ကတိုး ၊ မွှေးမျိုးဇီယာ၊ ကြံသကာ၊ သကြား၊ ပြဒါး ၊ နနွင်း ၊ ရှိန်းခို ၃ လကျော်၍ ရောင်းဝယ်လျှင် အကျိုးအမြတ် ရရှိအံ့ ၊ ရွှေ၊ ရွှေထည် ၊ သကြား ၊ကြံသကာ စည်တို့ ၆ လပတ်လုံး အရောင်းအ၀ယ် အမြတ်အစွန်း ရရှိအံ့၊ ၆ လကျော်လွန်လျှင် မပေါမရှားရှိအံ့။ ဆား ၊ ဖန်သော အရာသရှိ ၀တ္ထုပစ္စည်းများ ၊ နံ့ သာဖြူ ၊ နံ့ သာနီ ၊ နံ့ သာအမျိုးမျိုး ၊ မတ်ပဲ၊ ပဲတီစိမ်းတို့  ဈေးကောင်းရအံ့၊ ရေကြောင်းသယ်ယူပို့ ဆောင်ရေး ပိုမိုခေတ်မီ၍ နိုင်ငံတကာ အဆင့်မီလာအံ့။ ဥပဒေသစ်များ ပြဋ္ဌာန်းအံ့။ သိပ္ပံ နှင့် နည်းပညာရပ်များ ပိုမို ဖွံ့ ဖြိုး လာအံ့။ တိုင်းပြည်၏ ကာကွယ်ရေး ခေတ်မီတိုးတက်လာအံ့။အုပ်ချုပ်ရေးစနစ် ပိုမိုကောင်းမွန်လာအံ့။ စက်မှုဇုန်များတွင် ခေတ်မီဆန်းသစ်သော နည်းပညာတို့ ကြောင့် ထွက်ကုန်ပစ္စည်းများ အရည်အသွေး ပိုမိုတိုးတက်လာအံ့။

သီတင်းကျွတ်လတွင် ။ ။

နိုင်လွန် ၊ ချည်ထည် ၊ သိုးမွှေးထည် ထုတ်လုပ်ရေး ပိုမိုအောင်မြင်အံ့။ အနုပညာရှင်များ ၊ အလှူအတန်းပြုသူများ ၊လူထုအကျိုးပြု ဆောင်ရွက်သူများ၊ ပွဲလမ်းသဘင်များဖြင့်ခြိမ့်ခြိမ့်သဲ ပျော်ရွှင်ကြအံ့။ အခြေ ၄ ခု သတ္တ၀ါတို့ ပျက်စီးအံ့။ ပိုးချည်၊ ၀ါးချည် ၊ အ၀တ်အထည်များ ၊ ရွှေငွေ၊ ၀ါဂွမ်း ၊ ခွန်နီပြောင်း ၊ ပန်း ၊ ပိုးထည် ၊ အစိမ်းအပြာရောင် ရှိသောဝတ္ထုပစ္စည်းတို့  ၂လ အတွင်း ရောင်းဝယ်လျှင် အကျိုးအမြတ် များအံ့။ နှမ်း၊ ဆီ ၊ ထောပတ် ၊ သန္တာကျောက် ၊ ကုလားပဲ ၊ ထန်းလျက် ၊ ကြံသကာ ၊ ဈေးနှုန်းချို အံ့။ သိုးမွေးထည်၊ဂုန်နီ ၊ ဆန်၊ ဆေး နှင့် ဆေးဘက်ပစ္စည်းများ ဈေးနှုန်း သက်အသာအံ့ ။ လမ်းပန်းဆက်သွယ်ရေး ၊ သယ်ယူ ပို့ဆောင်ရေး အထူးတိုးတက်လာအံ့။ သတင်းနှင့် စာနယ်ဇင်း၊ စာပေထုတ်ဝေရေး လုပ်ငန်းတို့လည်း ထူးခြားစွာတိုးတက်လာအံ့။ ဆက်သွယ်ရေး နည်းပညာရပ်များ ပိုမိုဖွံ့ ဖြိုး လာအံ့။ မတော်တဆမှုကြောင့် မီးဘေးအန္တရာယ်ကို သတိပေးလှုံ့ ဆော်မှုတို့ ကြောင့် ဖြစ်ပွားမှု လျော့နည်းအံ့။ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ ပိုမိုကောင်းမွန်လာအံ့။

တန်ဆောင်မုန်းလတွင် ။ ။
သယံဇာတဓာတုပစ္စည်း ၊ ရတနာသိုက်များကို ရှာဖွေတွေ့ ရှိပြီး နိုင်ငံအတွက် အကျိုးရှိအောင် သုံးစွဲနိုင်အံ့။ ကလေးသူငယ်များ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်နိုင်အံ့။သီးနှံအထွက်တိုးစေမည့် နည်းစနစ်သစ်များ ပေါ်ထွန်းအံ့။ အလှူဒါန ကုသိုလ်ကောင်းမှုပြုသူ ပေါများအံ့။ အဖိုးတန် ပစ္စည်းများ ဈေးသင့်ရုံသာ ရှိအံ့။ ဓာတ်သတ္ထု ၊ ကြေးနီစသည်တို့ ပေါများအံ့။ ရွှေ၊ ငွေ ၊ ထောပတ် ၊ ဆန် ၊ မုံညင်းစေ့၊ ဆား ၊ဆီ၊ ရှိန်းခို ရောင်းဝယ်လျှင် အကျိုးများအံ့။ လဆုတ် ၁ ရက် နောက်ပိုင်း ၀ါဂွမ်း၊ အထည်အလိပ် ၊ ပိုးထည်၊နိုင်လွန်၊ ရေယွန် ၊ ဂျုံ ၊ ပဲ ၊ ပြောင်း ၊ ဂုန်လျှော်၊ အသီးအနှံများ၊ အလှကုန် ပစ္စည်းများ ၊ ရေမွှေး ၊ အမွှေးအကြိုင်ပစ္စည်းများ ၊ယာဉ် ၊ ကား ၊ ဓာတုဗေဒ ဆေးပစ္စည်းများ ပေါအံ့။မီးဘေးအန္တရာယ်များ ။ ယာဉ် မတော်တဆမှုများကို စည်းကမ်းထိန်းသိမ်းမှု ကောင်းမွန်ခြင်းတို့ ကြောင့် လျော့နည်းသွားအံ့၊ ရေလုပ်ငန်းဘက်ဆိုင်ရာ ပညာရှင်များနှင့်ဆေးပညာရှင်များ ဘေးအန္တရာယ်ရှိအံ့။

နတ်တော်လတွင် ။ ။
နိုင်ငံတော် အကျိုးပြုလုပ်ငန်းများ အောင်မြင်အံ့။ ဆေးပညာ ၊ ရေထွက်ပစ္စည်း သယံဇာတ သတ္ထုသိုက် ၊ ရေနံသိုက်တို့ ကြောင့် လူနေမှု အဆင့်အတန်း တိုးတက်အံ့ ။ ငလျင်ဘေးမှကင်းလွတ်အံ့။ ငရုတ်ကောင်း ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ အာလူး ၊ ဂေါ်ဖီ စိုက်ပျိုးရောင်းဝယ်သူများ အမြတ်အစွန်းရရှိအံ့။ သစ်တောထွက်ပစ္စည်းများ ၊ ဈေးကောင်းရအံ့။ဂျုံ ၊ ငရုတ်၊ လူး ၊ သလေး ၊ ကောက်ကြီးစပါးတို့ ဈေးကောင်းရအံ့။ အဖိုးထိုက်တန်သော ပစ္စည်းတို့  ဈေးနှုန်းသင့်တင့်မှု ရရှိအံ့။ သားမွှေး ၊ အ၀တ်အထည်၊ နံ့ သာနီ ၊ ကြေးနီ၊လျှပ်စစ်ပစ္စည်းများ ၊ အီလက်ထရောနစ် ပစ္စည်းတို့ ပေါများအံ့။ လဆန်း ၁၀ ရက်အတွင်း ၀ါဂွမ်း ၊ အထည်အလိပ်၊ ပိုးထည်၊ နိုင်လွန်၊ ပဲ၊ ပြောင်း၊ ဂုန်လျှော် ၊ အလှကုန်ပစ္စည်းများ၊ရေမွှေး၊ ယာဉ်၊ ကား ၊ ဓာတုဗေဒ ဆေးပစ္စည်းများ ပေါအံ့။ ဆန်စပါး ဈေးနှုန်းပုံမှန် ရှိအံ့။ လူတို့ ၏ ပေါ့လျော့မှုကြောင့် ဖြစ်ပေါ်သော မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်မှု၊ သတိပေး လှုံ့ ဆော်မှုတို့ ကြောင့် ဆုံးရှုံးမှု လျော့နည်းအံ့ ။ ရေတပ်ဘက်ဆိုင်ရာ ကိရိယာများကို ခေတ်မီနည်းစနစ်တို့ ဖြင့် ဖြည့်ဆည်းတပ်ဆင်မှုကြောင့် စွမ်းရည်ပိုင်း မြင့်မားလာအံ့။

ပြာသိုလတွင် ။ ။
ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ကုသမှုများ အောင်မြင်အံ့။ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု အဆင့်အတန်းကို တွေ့ ရှိလေ့လာနိုင်အံ့။ သားငါး၊ ပုစွန် ၊ ငါးပိ ၊ ငါးခြောက်ရေထွက်ကုန်ပစ္စည်းများ ပေါများအံ့။ ပြည်သူအများ ကျန်းမာပျော်ရွှင်အံ့။ နှမ်းဆီ၊ ထောပတ်များ ဈေးကောင်းအံ့။ ဆန်ရေစပါး ပေါများအံ့။ ဆန်စပါးဈေးနှုန်း သင့်တင့်မျှတအံ့။ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်း ၊ အမွှေးအကြိုင် ပစ္စည်းများ ၊ ဂျုံ ၊ ငရုတ်၊ လူး ၊ သလေး ၊ ကောက်ကြီးစပါးတို့ ဈေးကောင်းရအံ့။ ဆေးနှင့် ဆေးပစ္စည်း ၊ ရေထွက်ကုန် ပစ္စည်းများ၊ကြိမ်ထည်ပစ္စည်းများ ၊ ဘယဆေးများ၊ သစ်ခွ၊ သစ်ဖုများ ထွက်ရှိမှု ကောင်းအံ့။ ဆက်သွယ်ရေး ပစ္စည်း ကိရိယာများ ၊ ရေဒီယို၊ တယ်လီဖုန်း ၊ တီဗွီ ၊ ကွန်ပျူတာ ၊ ကျောက်စိမ်း ၊ပယင်း ၊ မြ ၊ အစိမ်းရောင် ကျောက်မျက်များ ၊ ကနုကမာ၊ ပန်းချီပစ္စည်းများ ဈေးနှုန်းချိုအံ့။ နိုင်ငံတကာ နှင့် သဘောတူညီချက်များ ၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စများအောင်မြင်အံ့။ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိအံ့။ ရေကြောင်းပို့ ဆောင်ရေး ကဏ္ဍ ထူးခြားစွာ တိုးတက်အံ့။ သိပ္ပံ နှင့် အဆင့်မြင့်နည်းပညာရပ်များ ပိုမိုဖွံ့ ဖြိုးလာအံ့။ ငွေကြေးရှုပ်ထွေးမှုများကို ဖြေရှင်းရအံ့။ လူမှုရေးကိစ္စများတွင် အခက်အခဲ အတားအဆီးများအား ဖြေရှင်းမှုဖြင့် အောင်မြငှ်ုရရှိအံ့။

တပို့ တွဲလတွင် ။ ။
ဘဏ်လုပ်ငန်းရှင်များ ၊ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်များ ၊ ကျန်းမာရေး ညံ့အံ့။ အလှူဒါနရှင်များ ပေါများအံ့။ ဆန်၊ ဆီ ပေါများအံ့။ သတ္တ၀ါတို့ ချမ်းသာသုခ ရရှိအံ့။ကြိမ်ထည်ပစ္စည်းများ ၊ပရဆေး၊ ရွှေထည်၊ ရေဒီယို ၊ တယ်လီဖုန်း၊ တီဗွီ၊ အီလက်ထရောနစ် ပစ္စည်းများ၊ လက်ဝတ်ရတနာများ ဈေးကောင်းအံ့၊ တိုင်းပြည် အေးချမ်းသာယာပြီး ဖွံ့ ဖြိုးတိုးတက်လာအံ့။ လဆုတ် ၆ ရက်အတွင်း ဂျုံ ၊ ငရုတ်၊ လူ၊ သလေး ၊ ကောက်ကြီးစပါးတို့ ဈေးကောင်းရအံ့။ ဆေး နှင့် ဆေးပစ္စည်းများ ၊ ဆား ၊ ရေထွက်ကုန်ပစ္စည်းများ ဈေးနှုန်းပေါအံ့။ တိုင်းပြည်ကို ကောင်းသော ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် အောင်မြင်မှုရရှိအံ့။ ဂုဏ်ကျက်သရေ တိုးတက်လာအံ့။ နိုင်ငံတကာ နှင့် စီးပွားရေး ၊ ကုန်သွယ်ရေး ကိစ္စများ ပိုမိုကျယ်ပြန့် လာအံ့။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ တိုးလာအံ့။ စာပေနယ်မှ ထင်ရှားသော ပုဂ္ဂိုလ်များ ဘေးရှိအံ့။ မီးရထား နှင့် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတို့  တွင် မတော်တဆမှုများကို ကြိုတင်ကာကွယ် သတိပေး လှုံ့ ဆော်မှုများကြောင့် အန္တရာယ်လျော့နည်းအံ့။

တပေါင်းလတွင်။ ။
ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှု အသင့်အတင့် ကောင်းမွန်အံ့။ အဆောက်အဦးအသစ်များစွာ တည်ဆောက်ကြအံ့ ။ လျှပ်စစ်ပစ္စည်း၊ ယာဉ်၊ စက်သုံးဆီ မျှတစွာအသုံးပြုနိုင်အံ့။ လောက်ကီ လောကုတ္တရာ ကျမ်းများ ၊ ဥပဒေပညာ ၊ စီးပွားရေး ပညာ ၊ ကျမ်းစာအုပ်များ ပေါ်ထွန်းလာပြီး ၊ အများပြည်သူတို့ အသိပညာ ဖွံ့ ဖြိုးတိုးတက်အံ့။ နိုင်ငံတကာ နှင့် ဆကံဆံရေးတွင် အဟန့် အတားများကို ဖြေရှင်းအောင်မြင်အံ့။ စားသောက်ကုန် ပစ္စည်းများ မပေါမရှား ရှိအံ့။ ဆန် ၊ စပါးဈေးကောင်းရအံ့။ ငွေထည် ၊ ကျောက်မျက်ရတနာ၊ ရွှေလုပ်ငန်းများ အောင်မြင်မှုရရှိအံ့။ ထောပတ်၊ မုံညှင်းစေ့ ၊ ဆီ၊ ရှိန်းခို အစည်တို့ ရောင်းဝယ်လျှင်အကျိုးအမြတ် ရရှိအံ့။ လူး ၊ ယမကာမျိုးစုံ၊ ဇာတိပ္ဖိုလ် ၊ ဓာတ်သတ္ထုပစ္စည်း အမျိုးမျိုး၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ ထန်းလျက် ၊ ကြံသကာ ၊ တင်လဲ၊ သကြား ၊ နှမ်းဖတ်၊ပတ္တမြား၊ ပုလဲတို့  ၁ လအတွင်း ဈေးနှုန်းချိုအံ့၊ အများပြည်သူနှင့် သက်ဆိုင်သော အဖွဲ့ အစည်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိအံ့။ အများအကျိုးအတွက်လှူဒါန်းသူ များပြားလာအံ့။ အုပ်ချုပ်ရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်အံ့။ ကူးသန်းရောင်းဝယ်ရေး နှောင့်နှေးအံ့။ သင်္ဘောများတွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရအံ့။

တောင်သူလယ်သမားတို့ သိမှတ်ဖွယ်ရာ ။
၁၃၇၁ ခုနှစ်တွင် သင်္ကြန်တက်ပြီး သုဒ္ဓဒိန် ၄၅ ရက်မြောက်သော နယုန်လဆန်း ၇ ရက် (၃၀.၀၅.၂၀၀၉) ခု ၊ စနေနေ့ တွင် ဖျောက်ဆိပ်ကြယ်ပေါ်၏ ။ ၀ါဆိုလပြည့်ကျော်၁၁ ရက် (၁၇.၀၇.၂၀၀၉) သောကြာနေ့ တွင် ကောက်ကြီးပျိုးကြဲရာ၏။ တော်သလင်းလဆန်း ၁၄ (၀၂.၀၉.၂၀၀၉) ဗုဒ္ဓဟူးနေ့ တွင် ဖျောက်ဆိပ် မွန်းတည့်၏။ တော်သလင်းလပြည့်ကျော် ၁၄ ရက် (၁၇.၀၉.၂၀၀၉) ကြာသပတေးနေ့ တွင် တနင်္ဂနွေဂြိုဟ် ကန်ရာသီ ပြောင်းသဖြင့် ကန်ဆင်းမိုးရွာအံ့။ တန်ဆောင်မုန်းလဆန်း ၁ ရက် (၁၈.၁၀.၂၀၀၉)တနင်္ဂနွေနေ့ တွင် သရ၀ဏ်နက္ခတ် မွန်းတည့်၏။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် ( ၀၂.၁၁.၂၀၀၉) တနင်္လာနေ့ တွင် ကောက်ကြီးကောက်သားဝင်၏။ တန်ဆောင်မုန်းလပြည့် ၁၅ ရက် ( ၁၆.၁၁.၂၀၀၉) တနင်္လာနေ့ တွင် မုရင်းပျိုးကြဲရာ၏။ နတ်တော်လဆ်နး ၁၅ ရက် (၀၁.၁၂.၂၀၀၉) အင်္ဂါနေ့ တွင် ဖျောက်ဆိပ်မြေလူး၏ ။ ယင်းနေ့ တွင်ပုဗ္ဗကြယ်တိုင်ကို လယ်၌ စိုက်အပ်၏။ သပြေပင် မင်းမူ၏ ။ သီးပင်၌ ပုဗ္ဗကြယ်ဝပ်၏။ မင်းမူသော သစ်ပင် ၊ သစ်ကိုင်းကို တိုင်ပြု၍ ကြယ်ဝပ်သော သစ်ပင်၊ သစ်ညွန့် ကိုပုဗ္ဗကြယ်တိုင် ပြုအပ်၏။ ပုဗ္ဗကြယ်တိုင်ကို ထမင်း ၊ မုန့် ဖြူ ၊ မုန့် နီ၊ ပန်းဖြူတို့ ဖြင့် ပူဇော်၍ ပုဗ္ဗကြယ်တိုင်ကို လယ်၌ စိုက်အပ်၏။ ကန်၊ ချောင်း ၊လယ်ယာတို့ ၌ ထွန်ယက်စပြုသောဗုဒ္ဓဟူးနေ့ နှင့် နဂါးပေါ်ရက်ကို ချန်လှပ်၍ နဂါးလှည့်ကို သတိပြုပြီးလျှင် ” စတော်ကိုထောက် ၊ လယ်ကိုဖောက် ၊ ကျောက်ကိုနင်းကာ ထွန်ချရာ၏” ဆိုသောကြောင့် မြောက်အရပ်မှ နေ၍ တောင်အရပ်သို့ မျက်နှာမူပြီး လယ်ထွန်မင်္ဂလာ ပြုကြ ကုန်ရာ၏ ။ သက္ကရာဇ် ဦးခေါင်း အနောက်သို့ ပြု၏ ။ ဓာတ်ဦးခေါင်း အရှေ့ သို့ ပြု၏။ ကြာသပတေးနံ ထွန်း၏ ။ စနေနံ ပုပ်၏။ အထွန်းဆောင် , အပုပ်ကို ရှောင်ကုန်ရာသည်။

ဝါဆိုဝါကပ်ရက်။ ။ နှစ်ရာ့နှစ်ဆယ် ၊ ခုနှစ်သွယ်ထပ် ၊ သိက္ခာမြတ်ကို ၊ မပြတ်ထမ်းဆောင်တော်မူကြကုန်သော ရဟန်းတော် အရှသူမြတ်များသည် ဝေါဟာရ သက္ကရာင်္ဖ ၁၃၇၁ ခုနှစ်ဝါဆိုလထပ် အမိမာသ်ကိန်း မမြင်သဖြင့် ၀ါဆိုလပြည့်ကျော် ၁ရက် ၊ အင်္ဂါနေ့ ပုရိမ၀ါကပ်သင့်ပါကြောင်း ၊ ၀ါခေါင်လပြည့်ကျော် ၁ ရက် ၊ ကြာသပတေးနေ့  တွင်ပစ္ဆိမ၀ါကပ်သင့်ပါကြောင်း ။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည်မှ စ၍ အတိတ်သာသနာတော် နှစ် (၂၅၅၂) နှစ် ရှိပြီး အနာဂတ်သာသနာတော်နှစ် (၂၄၄၇)နှစ် ကျန်ရှိနေပါသေးသည်။ ဤသာသနာတော်နှစ်အတွင်း ကြုံကြိုက်ကြကုန်သော ကလျာဏ သူတော်စင် အပေါင်းတို့သည် ရတနာသုံးပါး မိဘ ဆရာ တို့ အား ဆည်းကပ်ပူဇော်ခြင်း ၊ သီလစောင့်ထိန်းခြင်း၊သမထ၊ ၀ိပဿနာ ၊ ဘာဝနာ တရားတို့ ကို ပွားများ အားထုတ်ခြင်း ပြုကုန်ရာသည် ။ (ဤကား သာသနာတော် အလိုတည်း )

သူရိယ သိဒ္ဓန္တ မဟာသင်္ကြန်စာ အပိုင်း (၁)

သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ

April 11, 2009

သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၁-ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ

မဟာသင်္ကြန်ကျချိန် – ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၄) ရက်၊အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၃) နာရီ (၁၅) မိနစ်၊ (၃၆) စက္ကန့်။

မဟာသင်္ကြန်အကြတ်ရက် – ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။

မဟာသင်္ကြန်တက်ချိန် – ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၇) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၆) ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ၊ (၂၀) မိနစ်၊ (၁၈) စက္ကန့်။

နှစ်ဆန်းတစ်ရက် – ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့။ (သုဒ္ဓဒိန် – ၁)။

ဇေယျတု သဗ္ဗမင်္ဂလံ။ ။ သုဝဏ္ဏမယံ၊ ဖလိက ပဋိစ္ဆန္နံ သမပဏ္ဏာ သယောဇနာယာမ၀ိတ္ထာရံ၊ သူရိယဿ ဒေသပုတ္တဿ ၀ိမာနံ၊ သူရိယမဏ္ဍလံ နာမ။

ယင်းသို့မိန့်မှာ၊ ဌကထာတည့်၊ ကျမ်းလာပါဌ်ရင်း၊ ဓိပ္ပာယ်လင်းသော်၊ အတွင်းခန်းသာ၊ ရွှေပိန်းကာသည့်၊ ထိန်ဝါတင့်ဖြီး၊ ရွှေဖြင့်ပြီး၍၊ ရံဆီးဘုံပ၊ ဖန်သားခလျက်၊ လုံးဝယူဇာနာ၊ ငါးဆယ်ဖြာနှင့်၊ သင်္ချာအ၀န်း၊ တွက်ရေညွှန်းသော်၊ အစွန်းငါးဆယ်၊ တစ်ရာသွယ်သည့်၊ နေနွယ်ဝံသ၊ အာဒိစ္စဟု၊ ဒေ၀ဗိမာန်၊ ဘုံယာဉ်ပျံကို၊ ရည်သန်သမှု၊ ခေါ်ဝေါ်ပြုသား၊ လောကုပစာ၊ သူရိယာဟု၊ နာမာပညတ်၊ နေပြာသာဒ်မှ၊ သဟဿရောင်၊ ခြည်တစ်ထောင်ဖြင့်၊ ထိန်ပြောင်ပ၀င်း၊ သုံးကျွန်းလင်းသည့်၊ တနင်္ဂနွေခေါ်ဆို၊ ထိုသည့်ဂြိုလ်သည်၊ အဟိုပထမ၊ ကပ်ဦးစက၊ မိဿရာသီ၊ အာဒိချီလျက်၊ ဿဝနီမှတ်၊ ထိုနက္ခတ်၏၊ ပါဒ်ပထမ၊ ယှဉ်ပြိုင်ကြလျက်၊ လှည့်ကြွမြန်းရာ၊ နက္ခတ်သာကို၊ မှီပါနိုင်ပဲ၊ သို့ဖြစ်မြဲကြောင့်၊ နောက်ဆွဲပါဒ၊ ဒုတိယနှင့်၊ ယှဉ်ရပြန်ရာ၊ ဤခြင်းရာဖြင့်၊ ပစ္စာဝါဒ၊ နက္ခတ္တနှင့်၊ ဌာနရာသီ၊ ဆယ့်နှစ်လီ၌၊ စဉ်စီယှဉ်ရ၊ သို့ကိစ္စမှာ၊ မာသချင့်ထောက်၊ မိန်သို့ရောက်၍၊ နောက်အ၀ဿန်၊ န၀င်းမှန်မှ၊ တစ်ဖန်မိဿ၊ အစန၀င်း၊ ပြောင်းယှဉ်ခြင်းဖြင့်၊ စက်ကွင်း – ၁ ရစ်၊ ၁-ပတ်ခေတ်ကို၊ ၁-နှစ်အရ၊ သင်္ကြန်ကျဟု၊ ဌာနမြန်ပြည်၊ သမုတ်သည်ကို၊ အတည်တွက်ဆ၊ သင်္ကေတကား၊ ခဆပဉ္စာ၊ သက္ကရာကို၊ ရာဇာကြငှန်း၊ စောရဟန်းတည့်၊ ကိန်းခန်းချေရစ်၊ အစနှစ်မှ၊ မဇ္စျေဌာနီ၊ နေပြည်တော်ထိ၊ သွယ်ညှိယူလစ်၊ တွက်စစ်ကောဇာ၊ နှစ်သင်္ချာကား၊ ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅-ရက်၊ ခရစ်နှစ်၊ ၂၀၀၉-ခု၊ ဧပြီလ၊ ၁၄-ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန်၊ နံနက်စက်၊ ၃-နာရီ၊ ၁၅-မိနစ်၊ ၃၆-စက္ကန့်၊ မြန်မာပဟိုရ်ညဉ့် ၃-ချက်တီးကျော်၊ ၀-နာရီ၊ ၃-ပါဒ်၊ ၄-ဗီဇနာ၊ ၃-ပြာဏ်၊ ၄-ခရာအချိန်၊ ကုမ်ရာသီလဂ်၊ ဗြိစ္ဆာရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ ဗုဒ္ဓဟူးတြင်း၊ စနေန၀င်း၊ ဗုဒ္ဓဟူးဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ နက္ခတ် ၂၃-လုံး၊ ၁-ပါဒ်၊ ၆-ဃဋီ၊ ၁၆-၀ိဃဋီ၊ ၁၈-အနုဃဋီပြည့်ထက်၊ လဂ်စီးလျက်၊ ထိုနာရီ၏ မွန်းတည့်နက္ခတ်သော်ကား၊ ဇေဠနက္ခတ်တွင် ၂၂၈-အံသာ၊ ၁၁-လိတ္တ၊ ၃၄-၀ိလိတ္တာစီးလျက်၊ ဗလ၀ကရိုဏ်းနှင့်ယှဉ်၍၊ ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ဇင်ရွေးနီအဆင်းနှင့်တူသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက်၊ ဂဠုန်ကိုစီး၍ လက်တစ်ဘက်ကား သန်လျက်၊ လက်တစ်ဘက်ကား တံစဉ်ကိုင်၍၊ မြောက်ကသည် အရှေ့တောင်ထောင့်သို့ဝင်၏။ ဓံနီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား “အာသီ” အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ဃောရဿနတ်သမီးကား မှောက်ခုံနေ၍ လှမ်းလင့်၏၊ မဟောရကာဒေ၀ီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။

မိုးဦးတန့်အံ့၊ မိုးလယ်၊ မိုးနှောင်းကောင်းအံ့၊ ကျိုင်း၊ ပိတုန်း စသော အတောင်ရှိသောသတ္တ၀ါတို့ ထူကုန်အံ့၊ ကမ္ဘာပေါ်၌ စစ်မက်များအံ့၊ ပြည်ရွာမီးလောင်ဖန်များအံ့ ၊ စပါး၊ အသီးအနှံမြောက်အံ့၊ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများ ပျက်သုဉ်းအံ့၊ အုန်းသီး၊ ငရုတ်ရှားအံ့၊ ဤကား သင်္ကြန်ကျအဟောတည်း။

သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄) မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာ ပြုရာ၏။ ဤကား အများနှင့်ဆိုင်သော သမညအခါပေတည်း။ အသီးအသန့် ၀ါသေသ အခါပေးကား သင်္ကြန်မြေခံသော သင်္ကြန်ကျသည့်အချိန်တွင် တိထီ ၃-လုံး၊ ၅၂-ဃဋီ၌ ဣဋ္ဌ သောကြာ မြေခံဖြစ်၏။ သို့ဖြစ်၍ ယင်းတိထီ မြေခံဆိုင်ရာမှာ သောကြာနေ့ဖြစ်ပြီး သင်္ကြန်ကျသည့်ရက်မှာ အင်္ဂါနေ့ဖြစ်၏။
သို့ဖြစ်ရာ အင်္ဂါနေ့နှင့် သောကြာနေ့ သားသမီးတို့မှအပ ကြွင်းကျန်ကုန်သော နေ့သားသမီးတို့သည် မိမိတို့၏ နေ့အလိုက် ပဟပတိအရပ်ကား တနင်္ဂနွေသားသမီးများအတွက် မိမိမွေးနံကျရာ တနင်္ဂနွေအရပ်ဖြစ်သော အရှေ့မြောက်ထောင့်အရပ်ကို ပရိဝါရမှ ဆက်၍ အာယု၊ နဂရ၊ ဘုမ္မိ၊ ဂဟေပတိ- ဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်မျက်နှာကို လှည့်၍ ယူရာတွင် အနောက်တောင်ထောင့်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။

ထို့ကြောင့် တနင်္လာ သားသမီးကား- အနောက်အရပ်၊ ဗုဒ္ဓဟူး သားသမီးကား- မြောက်အရပ်၊ ကြာသပတေး သားသမီးကား- အရှေ့၊ စနေ သားသမီးကား- အရှေ့မြောက်ထောင့်၊ ရာဟု သားသမီးကား- အရှေ့တောင်အရပ်များသို့ မျက်နှာမူပြီးလျှင် မိမိတို့နံ၏ အမြစ်ဖြစ်သော တနင်္ဂနွေကား-ဒန်း၊ တနင်္လာကား-အုန်း၊ ဗုဒ္ဓဟူးကား-မြေစာ၊ ကြာသပတေးကား-ချယား၊ စနေကား-သီး၊ ရာဟုကား-မြေစာ၊ အမြစ်နှင့် နံတူပန်းညွန့်တို့ကို နင်းကြမ်းပြု၍ မိမိတို့နံ၏ အညွန့်ပန်း တနင်္ဂနွေကား-ကံ့ကော်၊ တနင်္လာကား-မြေစာ၊ ဗုဒ္ဓဟူးကား-သပြေ၊ ကြာသပတေးကား-သီး၊ စနေကား-အုန်း၊ ရာဟုကား-သပြေ ဟူသော နံတူ ပန်းပွင့် ပန်းညွန့် တို့ကို အသီးသီးဆောင်လျက် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတောင်စောင့် သမ္မာဒေ၀ နတ်မြတ်နတ်ကောင်းတို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာ ဆန္ဒကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

သင်္ကြန်အကျ မြေခံနေ့သားသမီးများဖြစ်သော သောကြာနေ့သားသမီးတို့သည် မိမိတို့၏ ဂဟပတိအရပ်ဖြစ်သော တောင်အရပ်ရှိ သစ်ပင်ရင်း၌ မိမိတို့နံ၏အမြစ်ဖြစ်သော သပြေကိုအခင်းပြု၍၊ မိမိတို့နံ၏ အညွန့်ဖြစ်သော ဒန်းပန်းကိုဆောင်လျက် သင်္ကြန်အကျ ဂြဟဇာပွင့်ရာ အောက်အရပ်သို့ မျက်နှာမူပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျနေ့သည် အင်္ဂါနေ့ဖြစ်ရာ အင်္ဂါသားသမီးတို့သည် သင်္ကြန်အကြတ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့၌ ဂဟပတိ အရပ်ဖြစ်သော အနောက်မြောက် သစ်ပင်ရင်း၌ မိမိတို့အင်္ဂါ၏ အမြစ်နေ့နံဖြစ်သည့် ကံ့ကော်ညွန့်ကို ခင်း၍ မိမိတို့နံညွန့်ပန်းဖြစ်သော ချယားညွန့်ဆောင်ပြီးလျှင် ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ်ဂြဟဇာအရပ်ဖြစ်ေ သာ အရှေ့အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘဆရာ၊ ဗြဟ္မာသိကြား၊ စတုလောကပါလ သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တို့အား လိုသောဆုတောင်းပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာ ပြုကြကုန်ရာ၏။

ဦးခေါင်းဆေးအကျိုးကား – သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုလ်မင်းသည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့်၊ တစ်ဘဂဏပြည့်၍၊ မိန်ရာသီအ၀သာန်န၀င်းမှ မိဿရာသီအာဒိန၀င်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌၊ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ်အပ်ကုန်သော မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏၊ တေသံ၊ ထိုဦးခေါင်းဆေးကုန်သောသူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။ ၀ိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏အဖို့ ဖြစ်ကုန်သော သတသဟဿာနိ၊ တစ်သိန်းသောအကျိုးတို့သည်။ ဘ၀ယျုံ၊ ဖြစ်ကုန်ရာ၏။

သင်္ကြန်အခါ ရှောင်ကျဉ်ရန်အမှုများကား “နရာနံ မေထုနံ သုရာ၊ ၀ဓကောဓေန တေလတာ။ ရုက္ခဆေဒါ ဟနန္တဿ၊ ကိဏေယျ ၀ိက္ကိဏေယျ ၀ါ။ ဣမာနိ ဒသကမ္မာနိ၊ သက္ကောပိ ပရိဝဇ္ဖယျေ” ဟုဆိုသောကြောင့် မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့်၊ ပါဏာသတ်ပုတ်၊ သောက်ထုတ်သေရက်၊ မျက်ထွက်မာန၊ ပဋိဃနှင့်၊ ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်ကုန်ရှောင်း၊ အရောင်းအ၀ယ်၊ လဲလှယ်ဟူသည် ဤဆယ်မည်ကို၊ လူ့ပြည်လူ့ခွင်၊ လူကိုစင်ထား၊ မြင့်မိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရှာ၊ ရှောင်ကြဉ်ရာဟု၊ ကျမ်းလာသော်အား၊ လင်္ကာကြားသည်၊ ဤကားမဟာသင်္ကြန်အလိုတည်း။

– – – – – – – – – – – – – – – – – – – – – – – – – – – – –

တနင်္ဂနွေသားသမီးတို့သည်။ ။
ဤနှစ်တွင် မည်သည့်ကိစ္စကိုမဆို အလွယ်တကူကတိမပေးသင့်ပေ၊ စိတ်ပျံ့လွင့်မှု မရှိဘဲ လိမ္မာပါးနပ်တည်ငြိမ်စွာနှင့် လုပ်ကိုင်လျှင် အောင်မြင်ဖြစ်ထွန်းအံ့၊ မိတ်ကောင်ဆွေကောင်းတို့ကြောင့် မျှော်မှန်းထားသည်ထက် အောင်မြင်မှုရရှိအံ့၊ အိမ်ခြံမြေအမွေအနှစ်ရရှိအံ့ ၊ ရင်းနှီးမြှုပ်နှံမှုကို မမှားအောင် ဂရုစိုက်သင့်သည် ။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်ဆွေမျိုးများ၏ ထင်မြင်လွဲမှားမှုခံရအံ့။ အင်္ဂါနံ၊ စက်ပစ္စည်းဝင်အံ့၊ အကျိုးရှိအံ့၊ ကြာသပတေး၊ အင်္ဂါသားသမီးတို့၏ကူညီမှုကြောင့် များစွာအောင်မြင်အံ့၊ တရားဥပဒေနှင့်မကင်းသောကိစ္စများအ တွက် သောကကြုံရအံ့၊ ငွေကုန်ကျမှု၊ ရင်းနှီးမြှုပ်နှံမှုများသေ လာက် အကျိုးမခံစားရ၊ သတိပြုသင့်သည်။ ကားနှင့်ပတ်သက်၍ အကျိုးအမြတ်နည်းမည်။

တနင်္လာသားသမီးတို့သည်။ ။
ဤနှစ်တွင် ကျန်းမာရေးညံ့တတ်အံ့၊ ကြာသပတေးသားသမီး၏အကူအညီကြောင့် အိမ်၊ခြံ၊မြေ အကျိုးအမြတ်ရှိအံ့၊ ၀င်အံ့၊ အင်္ဂါနံ စက်၊ဆန်၊ဆီ၊ စိန်ဝင်အံ့၊ မိတ်ဆွေနှင့်ပတ်သက်၍ ရွှေ၊ ရေ လုပ်ငန်း အောင်မြင်မှုရရှိ အံ့၊ ဗုဒ္ဓဟူးသားသမီးနှင့် မိခင်နှင့်တူသောပုဂ္ဂိုလ်များ၏ ကူညီမှုတို့ကြောင့် ပိုမိုအောင်မြင်မှု ရရှိအံ့။ ငွေကုန်ကြေးကျများအံ့၊ တနင်္လာသားသမီးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မမျှော်လင့်သော ဆုံးရှုံးမှုပေါ်အံ့ ၊ ရေလမ်းခရီးဘေးတွေ့တတ်သော်လ ည်း အန္တရာယ်မရှိနိုင်ပါ၊ လုပ်ငန်းများတွင် လုပ်ဆောင်မှု အားနည်းမှုကြောင့် အထင်လွဲမှုကြုံရအံ့၊ ဆန္ဒစော၍လုပ်ဆောင်မှုများကို သတိပြုရအံ့။

အင်္ဂါသားသမီးတို့သည်။ ။
ဤနှစ်တွင်ရာထူးတိုးအံ့၊ လုပ်ငန်းကိစ္စများတွင် အထင်လွဲမှားမှုများကြောင့် ကြန့်ကြာမှု ကြုံရခြင်းကို သတိနှင့်လုပ်ဆောင်သင့်သည်။ မိမိ၏ဆောင်ရွက်မှုများကြောင့် အများလေးစားကြည်ညိုမှုခံရအံ့ ၊ မိမိအောက်လူများကူညီမှုကြောင့် မြေ၊အမွေအနှစ်ရအံ့၊ ၀င်အံ့၊ အိမ်တွင်းရေး၊ မိသားစုရေးကိစ္စများတွင် စိတ်ရှည်စွာ ဖြေရှင်းဆောင်ရွက်မှု ကြောင့် အောင်မြင်မှုရရှိအံ့၊ အယူဝါဒရေးရာ ဆောင်ရွက်ရာတွင် ဆန္ဒ စောမှုများကြောင့် အထင်အမြင်လွဲမှုကြုံအံ့၊ ကြာသပတေးသားသမီး၊ ပညာရှင်ကြီးကဲသူတို့၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်မှုပိုမိုရရှိအံ့၊ အချစ်ရေး စန်းပွင့်အံ့၊ ပညာရေးတွင် ကြိုးစားသလောက်အောင်မြင်မှုရရှိအံ့၊ ငွေအတွက် သောကကြုံ၍ ကြာသပတေးသားသမီး ကူညီမှုဖြင့်အောင်မြင်မည်။ ဆီးရောဂါ၊ ခါးနာရောဂါဝေဒနာဖြစ်အံ့။

ဗုဒ္ဓဟူးသားသမီးတို့သည်။ ။
ဤနှစ်တွင် ဆန်၊ဆီ၊ဆေး၊ဆား၊စွမ်းအင်၊ စက်မှု အလုပ်အကိုင်များ တိုးချဲ့ လုပ်ကိုင်လျှင် အောင်မြင်မှုရရှိအံ့။ အင်္ဂါသားသမီးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဥာဏ်ယူ၍ ဆောင်ရွက်ခြင်းတို့ကြောင့် ကြီးမားသောအောင်မြင်မှုကိုရရှိအံ့ ။ မိမိနှင့်ရင်းနှီးသော စနေ၊ တနင်္ဂနွေ သားသမီးတို့၏ အထင်အမြင်လွဲမှားမှုကြုံရအံ့ ၊ အိမ်ထောင်ရေးတွင် ဆွေမျိုးများကြောင့် သဘောကွဲလွဲမှုကြုံရအံ့၊ အလုပ်ပင်ပန်းသလောက် အကျိုးခံစားရအံ့၊ အပေါင်းအသင်း မိတ်ဆွေတို့အပေါ် အကူအညီပေးရအံ့။ ဆုံးရှုံးမှုကြုံသောငွေကြေး များ ရင်းနှီးသောမိတ်ဆွေ၏ကူညီမှုကြောင့် သက်သာမှုရအံ့။

ကြာသပတေးသားသမီးတို့သည်။ ။
ဤနှစ်တွင် အောင်မြင်ဖြစ်ထွန်းအံ့၊ အင်္ဂါနံစက်၊ စက်ပစ္စည်း၊ ယာဉ်၊ ကား၊ အကျိုးပေးအံ့၊ အိမ်၊ ခြံ၊ မြေ ၀င်အံ့၊ အကျိုးခံစားရအံ့၊ လုပ်ငန်းကိစ္စများတွင် သတိကင်းလွတ်ပါက ငွေကြေး ဆုံးရှုံးမှုရှိအံ့၊ ကျန်းမာရေးကောင်းအံ့၊ ဂုဏ်သတင်းကျော်ကြားအံ့၊ အိမ်တွင်းရေး၊ မိသားစုရေး ရှုပ်ထွေးမှုရှိအံ့၊ ပညာရေးတွင် မိမိမျှော်မှန်းထားသလို အောင်မြင်မှုရရှိအံ့၊ စက်မှုပညာ၊ နည်းပညာရပ်များ၊ ကွန်ပျူတာ ပညာရပ်တို့တွင် ပိုမိုတိုးတက်အောင်မြင်မှုရရှိအံ့ ၊ အချစ်ရေးတွင် အဆင်ပြေမှုရှိအံ့၊ စန်းပွင့်အံ့၊ မိသားစုအတွက် စိတ်သောကကြုံ၍ ငွေကုန်ကျမှုများအံ့၊ သည်းခံနိုင်ဖွယ်သာ ပြဿနာများအား သည်းခံလျှင် အောင်မြင်ကျော်လွှားမည်။

သောကြာသားသမီးတို့သည်။ ။
ဤနှစ်တွင် အနှောင့်အယှက်၊ အတိုက်အခံတို့နှင့် လုပ်ငန်းတိုးတက်ရအံ့၊ အိမ်တွင်းရေးအညံ့ကြုံအံ့၊ စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ရာ တွင် နှောင့်နှေးကြန့်ကြာမှုကြုံတွေ့ပြီး အောင်မြင်မှုရရှိအံ့၊ အိမ်ထောင်ရေးတွင် အထင်လွဲမှုခံရအံ့၊ စိတ်မချမ်းမြေ့ဖွယ်များတွေ့ရအံ့ ၊ စပ်တူရှယ်ယာလုပ်ငန်းများကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်အံ့၊ အိမ်ထောင်ဖက် ကျန်းမာရေးချို့တဲ့အံ့၊ အချစ်ရေးတွင် အထင်လွဲမှုကြုံရအံ့၊ ပညာရေးတွင် စိတ်ပျံ့လွင့်မှုထိန်းသိမ်း ကာ ကြိုးစားပါက အောင်မြင်မှုရရှိအံ့။

စနေသားသမီးတို့သည်။ ။
ဤနှစ်တွင် လုပ်ငန်းကိစ္စများ၌ စေတနာ၊ အနစ်နာခံမှုတို့ကြောင့် ပိုမိုတိုးတက်အောင်မြင်အံ့ ၊ လူလိမ်၊ ငွေလိမ်ခံရအံ့၊ မျှော်မှန်းထားသလောက် လုပ်ငန်းကြီးများကို အောင်မြင်အောင်လုပ်ဆောင်နိုင်အံ့။ အောက်လက်ငယ်သား တပည့်တပန်းအတွက် စိတ်ညစ်ရအံ့၊ ဗုဒ္ဓဟူးသားသမီးတို့၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်မှုရရှိအံ့။ အချင်းချင်းသစ္စာဖောက်မှုကြုံရအံ့ ။ ကျန်းမာရေးတွင် ဆီး၊ ကျောက်ကပ်ဝေဒနာဖြစ်အံ့၊ အချစ်ရေးတွင် သဘောထားကွဲလွဲမှုဖြစ်နိုင်၍ စိတ်ရှည်စွာထားသင့်သည်။

သင်္ကြန်အတာတက်အံ့သောအခါကား. . . . ။ မြန်မာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူး လပြည့်ကျော် ၇-ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု ဧပြီလ ၁၆ ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် စက်နာရီ ၇-နာရီ ၂၀ မိနစ် ၁၈ စက္ကန့်၊ မြန်မာပဟိုရ်၊ နံနက် ၄ ချက်တီးကျော်၊ ၄နာရီပါဒ်ပြည့်၊ ၅ ဗီဇနာ၊ ၂-ပြာဏ်၊ ၇ ခရာအချိန် မိဿရာသီလိဂ်၊ ဓနုရာသီဆန်း၊ တနင်္လာဟောရတ်၊ ကြာသပတေးတြင်း၊ ကြာသပတေးန၀င်း၊ ကြာသပတေးဒွါဒသင်း၊ သောကြာတိံသင်း၊ နက္ခတ် ၂ လုံး၊ ပါဒ်ပြည့်၊ ဃဋီပြည့်၊ ၁၀-၀ိဃဋီ၊ ၁-အနုဃဋီထက် လဂ်စီးလျက် ထိုနာရီ၏ ဣဋ္ဌဘ၀ါးသော်ကား ၁၅-ဘ၀ါး၊ ၁၂-လက်သစ်၊ ၂-မုယော ၂-နှမ်း ၂-ဆံခြည်တွင် ဗိသျှတိကရိုဏ်နှင့်ယှဉ်လျက် သီရိသူရိယသိဒ္ဓန္တ သံဒိဋ္ဌ ကြမတ္တ ဗိုလ်ပြိုသည်နှင့်အညီ၊ သညီဝေါဟာ၊ အတာနှစ်သစ် သက္ကရာဇ် ၁၃၇၀-ခုနှစ်ပြည့်သည်ဖြစ်၍ အတာတက်သည် အတာသင့်သော ကြာသပတေး သားသမီးတို့သည် အတာတက်သောအချိန်၌ ရတနာ ၇ ပါးဖြင့်ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ ဗြဟ္မာသိကြား၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့အား မိမိတို့ဆန္ဒရှိသော ၀တ္ထုပစ္စည်းတို့အား လှူဒါန်းပူဇော်ပသ၍ တိထိမြေခံအင်္ဂါ၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ မျက်နှာမူပြီးလျှင် အတာစားကုန်ရာသည်။

အတာစားခြင်း၏အကျိုးကား။ ။အတာပုည ကုသလကို ပြကြကုန်သော အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ” ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရားဟောကြားတော်မူသည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်းပူဇော်ကြသောသူတို့ သည် ကောင်းကျိုးချမ်းသာမင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာ သည်။

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း နှစ်ကို နွားလား ဥသဘစောင့်၏ လ ကိုကျေးစောင့်၏။ ရက်ကို ဒက္ခရက်ဘီလူးစောင့်၏။ မြေကို ကုမ္ဘာဏ်ဘီလူးစောင့်၏။ ကောင်းကင်ကို ဗိဿနိုးစောင့်၏။ ရေကိုကြွက်စောင့်၏။ မိုးကို ကြက်စောင့်၏။ တောကို စင်ရော်ငှက်စောင့်၏။
လူတို့၏အဓိပတိကား မင်း၊ အခြေလေးခုတို့၏ အဓိပတိကား နွား၊ ငှက်တို့၏အဓိပတိကား ကျေး၊ သစ်ပင်တို့၏ အဓိပတိကား ထိန်၊ ၀ါးတို့၏အဓိပတိကား မြင်ဝါး။ မြက်တို့၏အဓိပတိကား နွားမြက်ရင်း။

နက္ခတ် ၃ လုံးငုပ်၏။ ၄ လုံးပေါ်၏။

မိုးအကြိမ် ၅၀ ရွာအံ့။ မိုးဦးနည်းအံ့။ တန်ခူးလဆန်း မိုးသံကြားအံ့။ နယုန်လမှာ ရွာအံ့။ မိုးလယ်ရောက်သော် မိုးထန်အံ့။ မိုးကြီးကျယ်စွာရွာအံ့။ ရေကြီးအံ့။ မုန်တိုင်းလာအံ့။ အခြေလေးခုရှိသော သတ္တ၀ါ၊ အတောင်ရှိသော ကျေးငှက်သတ္တ၀ါတို့သည် ဘေးကြီးစွာဖြစ်ကုန်၍သေကုန် အံ့။ ပြည်ရွာ မီးလောင်ဖန်များကိန်းရှိသော်လည်း ကြိုတင်ကာကွယ်မှုစနစ်များကောင်းမွန်ခြင်းကြောင့် အဖြစ်နည်းအံ့။ လူတို့အနာအဖျား များကုန်အံ့။ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ အလုံးကြီးအံ့။ ဥတ္တရ၊ ဧသံ၊ အဂ္ဂိအရပ်မှာရှိသော ပြည်ရွာတို့သည် သုဉ်းကုန်အံ့။ ရှားပါး ငတ်မွတ်အံ့။ ထိုနှစ်ဖွားသော သားကား အဆင်းလှအံ့။ ပညာရှိအံ့။ ဟူးရားသမားတတ်အံ့။ ချမ်းသာရအံ့။ အသက် ၇၀ နေရအံ့။ ဤကား အတာစက္ခုအလိုတည်း။

မိုးလအခါ သီရိန္ဒြအမည်ရှိသောနတ်သားသည် အညို၊ အပြာ၊ အစိမ်း၊ အမောင်း၊ အမည်း အားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာ၊ ရတနာ(၇)ပါးဖြင့်ပြီးသော ဘယက်တန်ဆာ နားဋောင်းမကိုဋ်သရဖူတို့ကို ၀တ်ဆင်ပြီးသော် အလျား ၂ ဥသဘရှိသည့် အရောင်တို့ဖြင့် ထွန်းလင်းတောက်ပသော သန်လျက်ကို လက်ယာလက်ဖြင့်ကိုင်လျက် လက်ဝဲလက်ဖြင့် မိုးရေကိုဆောင်၍ စကြ၀ဠာတိုက်အလုံးကိုနှံ့စေ ပြီး လူမျိုးအများ သားငါးတိရစ္ဆာန်တို့ကို သနားကြင်နာမေတ္တာထား၍ တစ်နှစ်တစ်ခါ ကမ္ဘာ့တန်ဆာဖြစ်သော မိုးတင်းများကို ကယ်တင်ထောက်ပံ့သည်ကား လူ့ပြည်၌ ၄ တင်း၊ သတ္တရဘန်၌ ၁ တင်း၊ ဟိမ၀န္တာ၌ ၁ တင်း၊ ကောင်းကင်၌ ၀ တင်း၊ သမုဒ္ဒရာ၌ ၅ တင်းဖြစ်ရာ လူ့ပြည်၊ သမုဒ္ဒရာတို့၌ မိုးတင်းများသောကြောင့် ၀ပြောသာယာအံ့။ မိုးကောင်းအံ့။ တိမ်တောင်နဂါးပွက်များအံ့။ နဂါးတို့မြူးတူးခြင်း လွန်ကုန်အံ့။ ငါးကြီးသားကြီးအသေများအံ့။

သူရိယ သိဒ္ဓန္တ မဟာသင်္ကြန်စာ (၂)

credit to နတ်သမီးလေး@ apytz.net/forum
picture source @ Irrawaddy.org

ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်

April 9, 2009

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂါ


” ကဲ . .အခုအတိုင်း . . အသေခံလို့ ဖြစ်ပါ့မလား”
” ငါတစ်ဦးတည်း အတွက်ဆိုရင်တော့ ဖြစ်ပါတယ် ။ ဒါပေမဲ့ ငါ့မိန်းမ ရှိနေသေးတော့ ငါသေလို့  မဖြစ်ဘူး ၊ အခုချိန်လောက်ဆိုရင် ငါ့ကိုမျှော်နေလောက်ပြီ။ ငါမရှိရင် သူလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး” ဟု

တရားစစ်သူကြီးဖြစ်လာမည့် သုခုမ ဟင်္သာ၏ (ရှင်အာနန္ဒာအလောင်းအလျာ) အမေးအား ဘုရားလောင်း ဟင်္သာမှ ငိုကြွေးရင်း ပြန်လည် ဖြေကြားလိုက်သည့် စကား ဖြစ်၏ ။ ဟင်္သာများ သည် ချစ်ကြသည် ဆိုရာဝယ် တစ်ကောင်နှင့်တစ်ကောင် အသက်ပေးချစ်ကြ၏ ။ ရေကြီးစဉ်အခါ ကြက်မတစ်ဝပ်စာမျှသော နေရာတွင် ဟင်္သာဖိုမှ ခြေတစ်ချောင်းထောက် ရပ်ကာ ဟင်္သာမ အား မိမိကိုယ်ပေါ်တွင် ရပ်စေခဲ့သည့် သာဓကရှိခဲ့၏။

လောက ၃ ပါး အတုမရှိသော ဘုရားရှင် ကိုယ်တော်မြတ်အား မွေးဖွားသန့် စင်ခဲ့သူမှာလည်း အမျိုးသမီးပင် ဖြစ်၏ ။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အုပ်စိုးကြကုန်သော သမ္မတ၊ ၀န်ကြီးချုပ် များသည်လည်း အမျိုးသမီးများမှ မွေးဖွားခဲ့ကြ၏။ ထို့ အတွက်ကြောင့် အမျိုးသမီး ဖြစ်ရသည့်အတွက် အားငယ်စရာမလိုပေ ။

ဤကမ္ဘာလောကကြီးတွင် အမျိုးသမီးများသာ မရှိခဲ့ပါလျှင် ကမ္ဘာကြီးသည် ပျင်းစရာအတိ ပြီးကာ
ယောက်ျားများအားလုံးသည် ပျင်းရိသူများသာ ဖြစ်ကုန်ကြပါလိမ့်မည်။ ပညာသင်ယူနေကြသော ၊ စီးပွားရှာနေသော အမျိုးကောင်းသားများသည် ထိုပညာ ၊ စည်းစိမ်ဥစ္စာများအား ဘူးကောင်းလျှင် စင်ခံ ၊ လင်ကောင်းလျှင် တစ်သက်စံ ဆိုသည့် စကားအတိုင်း နောင်တစ်ချိန် တွင် မိမိနှင့် ပတ်သက်လာရမည့် ကြင်သူသက်ထား အတွက် မတောင့်မတ၊ မကြောင့်မကြ ၊ တင့်တောင့် တင့်တယ် ထားနိုင်စေရန် ရည်စူးပြီး သင်ယူ၊ ရှာဖွေနေကြခြင်းသာဖြစ်၏ ။

မမြလေးရေးသားခဲ့သည့် ချစ်သမျှကို ပတ်ပျိုး ၊ သာယာဝတီမင်း တည်ခဲ့သည့် မုခ်ဦး ၅ ခုပါသည့် ၅ မျက်နှာ ဘုရား အစရှိသည်တို့ သည် ချစ်ခြင်းကို ဖော်ကျူးခဲ့သည့် သာဓက ၊ ပြယုဂ်များဖြစ်၏ ။

ဗုဒ္ဓ၏ တရားတော်များတွင် အမျိုးသမီးများအား မုန်းရမည်ဆိုသည့် ဟောကြားမှုများ မပါရှိခဲ့။ ထို့ ကြောင့် အမျိုးသမီးများသည် မုန်းစရာမဟုတ် ။ ချစ်စရာ အလွန်ကောင်းလှ၏ ။ အမျိုးသမီးများသည် သံသရာမှ ထွက်မြောက်ရာ လမ်းကြောင်းဖြစ်သည်ဟူ၍သာ ဟောကြားခဲ့၏ ။ အထောက်အပံ့ တစ်ခု ဖြစ်သည်ဟု မိန့်  သည်နှင့် အတူတူပင်။

တော်လေးဝ,၀င် မိန်းမများဖြစ်သည့် အမရာ၊ ကိန္နရီ၊ မဒ္ဒီ နှင့် သမ္ဘုလ တို့ သည် ယောက်ျားများအား ချစ်မြတ်နိုးရာတွင် စံတင်လောက်၏။ အမရာဒေ၀ီ၏ မဟော်သဓာအပေါ် သစ္စာစောင့်သိပုံ ၊ ကိန္နရီ ၏ တစ်ညတာ ဝေးကွာရမှုအတွက် ရက်ပေါင်း ၇၀၀ ဆွေးမြေ့ကြေကွဲခဲ့ပုံ ၊ မဒ္ဒီဒေ၀ီ ၏ လင်ယောက်ျားအပေါ် နားလည်ပေးနိုင်ပုံ၊ သမ္ဘုလ၏ နူနာစွဲကပ်နေသော ချစ်သူအပေါ် ထားရှိသည့် ချစ်ခြင်းတရားတို့ သည် အချစ်အတွက် မှတ်ကျောက် တင်ရစ်ခဲ့ကြ၏။

တော်ဝင် အမျိုးသမီးများ၏ အချစ်ကဲ့သို့  မမှီသည့်အတွက်၊ မချစ်ရသည့်အတွက် စိတ်ပျက်အားလျော့စရာ မလိုပေ။ အခြားနည်းများဖြင့်လည်း ချစ်နိုင်ပါသေး၏။ ချစ်နိုင်ခြင်း အကြောင်းတရား ၄ မျိုးနှင့် ညီညွတ်ပါလျှင် ဆုတောင်းစရာမလိုဘဲ နောင်ဘ၀ ဆက်တိုင်း ဆက်တိုင်း မိမိချစ်ရသူနှင့် ပါရမီဖြည့်ဖက် ဖြစ်ပေမည်။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂါ

ထို ၄ မျိုး စိတ်တူကိုယ်တူ ညီညွတ်ပါလျှင် အမျိုးသမီးများ မိမိ ချစ်သူဖြင့် ဘ၀ဆက်တိုင်း ဆက်တိုင်း ပေါင်းရမည်။

သဒ္ဓါ
ယုံကြည်မှု ခြင်း တူရမည်။ အဓိကအားဖြင့် ကိုးကွယ်သည့် ဘာသာ တူရမည်။ အမျိုးသမီးက ဗုဒ္ဓဘာသာဖြစ်လျှင် ချစ်သူသည်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်မှသာ သဒ္ဓါတူနိုင်မည်။ အမျိုးသမီးမှ ဗုဒ္ဓဘာသာဖြစ်နေပြီး ချစ်သူမှ ဘာသာခြား ဖြစ်နေပါက ယုံကြည်မှု သဒ္ဓါမညီမျှတော့ပေ။ မိမိ၏ အိမ်တွင် ကိုးကွယ်ရာ ဘာသာအတွက် ဘုရားစင် မရှိ ဖြစ်မည်။ ချစ်သူ ၏ ကိုးကွယ်ရာ ဘာသာအလျှောက် ထုံးတမ်းစဉ်လာနှင့်အညီ ခေါင်းမြီးခြုံရမည်။ နင်းဂျားဖြစ်မည်။ သေသော် ခရစ်ယာန်ဘုန်းကြီးဖြင့် အသုဘ ချရမည်။

သဒ္ဓါမညီသဖြင့် မိမိကိုးကွယ်ရာ ဘာသာအတွက် လှူဒါန်းချင်လျှင် ချစ်သူ၏ ခွင့်ပြုချက်ယူရတော့မည်။ စိတ်တိုင်းကျ မလှူတန်းနိုင် ၊ စေတနာ ၃ တန် မပြဋ္ဌာန်းနိုင်တော့ပေ။ ခိုးကြောင်ခိုးဝှက် သီလဆောက်တည်ရခြင်း ၊ လွတ်လပ်စွာ တရားဓမ္မဆွေးနွေးခြင်း ၊ ရိပ်သာဝင်ခြင်းများကား ဝေးစွ ။ လက်ထပ်ထိမ်းမြားခြင်း မပြုမှီကသာ ယုံကြည်ရာ ကိုးကွယ်ခိုင်းမည်။ ကာလအနည်းငယ်အတွင်း အပြောနှင့်လက်တွေ့ ခြားနားလာမည်။ ပြည်ပရောက် အမျိုးသမီးများ ဘာသာခြားအပေါ် မေတ္တာသက်ဝင်ပါက သဒ္ဓါမတူသည့်အတွက် သတိပြုစရာများဖြစ်၏။

သီလ
အခြေခံ ကိုယ်ကျင့်သီလခြင်း တူရမည်။ အောက်ထစ်ဆုံး (၅) ပါးသီလ လုံခြုံရမည်။ ဆိတ်ကွယ်ရာ ၊ မျက်ကွယ်ရာတွင် ဖောက်ပြန်နေသည့် ၊ အရက်သေစာ သောက်စားသည့် ၊ ပါဏာတိပါက ကံဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ၊ မမှန်စကားပြောဆိုသည့် ၊ ခိုးဆိုးလုယက်သည့် ချစ်သူမျိုး ၊ ကြင်ဖော်မျိုးဖြစ်ပါက ခံစားရသည့် ဆင်းရဲဒုက္ခကြီးလှ၏။ မည်မျှပင် ချမ်းသာနေပါစေ ၊ တစ်ခဏစံ တစ်ဘ၀သာ ဖြစ်၏။ မိမိပါ စည်းစိမ်သုံးစွဲသဖြင့် အကုသိုလ် အကျိုးဆက် ခံရမည်ကား မုချပင်။

အခြေခံသီလတူပါက ကုသိုလ်အရေးတွင် မောင်တစ်ထမ်း မယ်တစ်ရွက် ၊ ဘုရားသွား ကျောင်းတက် အတူတူလုပ်ဖြစ်သဖြင့် စိတ်ချမ်းမြေ့ရ၏။ ချစ်သူအပေါ်တွင်လည်း ပိုမိုချစ်မြတ်နိုးလာမည်။ ရရှိလာသည့် စည်းစိမ်ချမ်းသာများမှာ ဓမ္မိယလဒ္ဓ ဟုခေါ်သည့် တရားသဖြင့် ရှာဖွေရရှိသည့် ဥစ္စာပစ္စည်းဖြစ်သဖြင့် လှူတန်းပါက ဘ၀မခြားဘဲ အကျိုးထူးရရှိ၏ ။

သုတ
အကြားအမြင် ဗဟုသုတ ပြည့်စုံမှုခြင်းလည်း ညီညွတ်ရမည်။ ချစ်သူမှ ပညာတတ် ပုဂ္ဂိုလ်ဖြစ်ကာ မိမိက တက္ကသိုလ် ပညာဝင်တန်း အဆင့်သာလျှင် ရှိပါက လူတော တိုးမည်မဟုတ်။ ပွဲလမ်းသဘင် ၊ အလှူအတန်းများတွင် ဂုဏ်သိမ်ငယ်ရမည်။ ဗဟုသုတ ၊ ပညာအရည်အချင်း နည်းသဖြင့် ရရှိလာသော ချစ်သူ၏ စည်းစိမ်ဥစ္စာများကို တိုးပွားလာအောင် မထိန်းသိမ်း မစောင့်ရှောက်တတ်သဖြင့် စည်းစိမ်ခမ်းခြောက်ကာ ဆင်းရဲရခြင်း၏ အကြောင်းရင်းကို ဖြစ်ပွားစေ၏ ။

ထိုနည်းတူစွာပင် မိမိမှ ကြားမြင်ဗဟုသုတ များပြီး ချစ်သူမှ နိမ့်ကျနေပါက ချစ်သူအပေါ်တွင် အားမလိုအားမရဖြစ်ခြင်း ၊ အားမကိုးရခြင်း၊ ယောက်ျားဖျင်း အစရှိသည်တို့ နှင့်အတူ ကိုယ် ၊ နှုတ် ၊ စိတ် ၃ ပါးစလုံးဖြင့် ပြစ်မှားကာ မိမိနှင့် တန်းညှိနေတတ်သဖြင့် အိမ်ထောင်ရေး သုခ ရရှိနိုင်မည် မဟုတ်ပေ။

စာဂါ
ပေးကမ်းစွန့် ကြဲမှုခြင်း တူရမည်။ ဝေသန္တယာ မင်းကြီးသည် နာဂပစ္စယ ဆင်ဖြူတော် လှူ၍ တိုင်းပြည် ဘဏ္ဍာတော် အလွဲသုံးစား လုပ်မှုဖြင့် တိုင်းပြည်မှ နှင်ထုတ်ခံရ၏ ။ သို့ ရာတွင် မိဖုရားဖြစ်သူမှ လင်တော်မောင် ကောင်းတာလုပ်သည်ဟု မှတ်ယူထားသဖြင့် သူ့ အား မနှင်ထုတ်သော်ငြား လင်တော်မောင်ဖြစ်သူနှင့် ရွှေလက်တွဲကာ တိုင်းပြည်မှ ထွက်ခဲ့၏။

စာဂါ မညီမျှပါက မိမိမှ ၁၀ ဖိုး စွန့် ကြဲ ချင်ပါလျှက် ချစ်သူမှ ၁ ကျပ်ဖိုး သာ စွန့် ဟု ပြောဆိုခံရမည်။ ဘာသာခြားဖြစ်ပါက ပို၍ဆိုး၏။ အိမ်တွင် ဆွမ်းမလောင်းရ ။ ငါ့ဘာသာအတွက်ပဲ ဦးဦးဖျားဖျားလှူမည် အစရှိသည့် မညီမျှမှုများ ရှိနေပါလျှင် အဘယ်မှာလျှင် စိတ်ချမ်းသာရပေတော့မည်နည်း ။ အိပ် ၊ စား ၊ ကာမ ဖြင့်သာ လူဖြစ်ရပေတော့မည်။

ထို့ ကြောင့် အမျိုးကောင်းသမီးများ အနေဖြင့် ရွှေရတု ၊ ငွေရတု ၊ စိန်ရတု အစရှိသည့် Anniversary ထက်မက နောင် ဘ၀ဆက်တိုင်း ဆက်တိုင်း မိမိ မြတ်နိုးကြင်နာရသည့် ချစ်သူ နှင့် ဆုတောင်းစရာ မလိုဘဲ ပေါင်းဖက်ရလိုပါလျှင် သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂါ ဆိုသည့် တရား (၄) ပါးဖြင့် ညီမျှကြစေရန် ပြုမူကျင့်ကြံကြပါဟု အကြံပေး လိုက်ရပေတော့၏ . ။


သူခေါ်ရင် လာပါ .. လာပါ .. (၂)

April 3, 2009

တစ်ခါရိုက်ပြီးလို့  အိမ်ပေါ်တောင် ပြန်ရောက်လာတယ် မဟုတ်လား ။ ထပ်ဆင်းသွားရင် ကိုယ့်အပြစ်

၂၅.၀၃.၂၀၀၉

” ဆရာ ကျနော်တခုမေးပါရစေ . . “
” တော်ပါပြီ သမီးရယ် မေးတာတွေကလည်း များလွန်းပါတယ်”

“မတော်ပါနဲ့ ဦး ဆောင်းပါးထပ်ရေးလို့ ရတယ်လေ”
“ဟမ်မလေး ကျနော့်မှာ ရေးစရာတွေ ပုံနေတာ”

” အခု..အဲ့လောက်စွမ်းတဲ့ ဓာတ်ရိုက်ဓာတ်ဆင် နဲ့ ပြန်ခေါ်ချင်သေးလို့ ပါ ဆရာရယ် . .”
” တစ်ခါရိုက်ပြီးလို့  အိမ်ပေါ်တောင် ပြန်ရောက်လာတယ် မဟုတ်လား ။ ထပ်ဆင်းသွားရင် ကိုယ့်အပြစ် . အကောင်းဆုံးက မေတ္တာ သာ အကောင်းဆုံးပဲ “

“တိန် . . အပြောအဆိုဆင်ခြင်မှ တော်ကြာထည့်ရေးနေဦးမယ် “
” ဟက် ဟက် . .အကုန် ထည့်ရေးမှာ “

” အခု က ဆရာ့ကို လာပြောတာပါ. . မနေ့ ညက ဆရာပြောတဲ့အတိုင်း ၁၀း၃၀ ကနေ ၁၂း၀၀ ကြားမှာ email ပို့ လိုက်တာ စာမပြန်တဲ့သူ က စာလုံးဝ မပြန်တဲ့သူက reply လုပ်တဲ့အကြောင်း လာပြောတာပါ ဆရာရယ်။ “
” အဆင်ပြေတော့လည်း ကောင်းတာပေါ့ဗျာ”

“အခု reply လုပ်မလို့  ဒီနေ့ ပြန်သင့်လားဆရာ အခါပေးပါဦး ဒီနေ့ အတွက် . . အမလေး..ပျော်လိုက်တာ ကွိကွိ ၂ ကြောင်းထဲပါ . . ဒါပေမယ့် .. မပြန်စဖူး . . ဟေ ဟေ ဟေ့ “

” စာပြန်တာ ကြိုက်တဲ့အချိန်ပြန်ပေါ့။ ခက်တယ် မိန်းမတွေ မလွယ်ဘူး”
” ပျော်တယ်ပျော်တယ် ၊ ကျေးဇူးဆရာ. . အာဘွားးးးးးးးးးးး”

” အင်း .. အဲဒါကြောင့် အလိမ်ခံနေရတာ”

” ဘာလို့ တုန်း ဆရာသံပရာသီးရဲ့ ”
“ကောင်လေးကတော့ ချွဲပြနေမှာပေါ့ . . ဒီကောင်မလေး အညာမိတော့မယ်”

” ဆရာ..တိုးတတ်လာလားဟင် အခြေအနေ. .သူကသဘောထားပျော့ပြောင်း လာပလား”
” တိုးတက်ပါတယ် တဏှာနွံထဲကို ဆင်းမဲ့သဘောပေါ့ဗျာ . .ချမ်းသာချင်ရင် တဏှာကို စွန့် ရတယ် တဏှာစွန့် ပြီး ယောက်ျားယူ ဟက်ဟက် . . . ပြောပြီးပြီနော် .. အဆင်ပြေချင်ရင်တော့ အပြောအဆို ဆင်ခြင်”

” ဟုတ်ကဲ့ဟုတ်ကဲ့ ဆရာအခြေအနေရှေ့ လျှောက် တိုးတတ်မှာလားဟင် . . “
” ကိုယ့်အပေါ် မူတည်တာပေါ့ဗျာ”

” ဟုတ်ကဲ့ သူသာအဲလိုလေး သဘောကောင်းရင် ရန်မရှာပါဘူး ဆရာရယ်..ကျနော့်အပေါ်မှာများ ချစ်တဲ့ချစ်တွေ ပြန်ပေါ်နေပီလားဟင် . .ဗေဒင်ဆရာရယ် ပို့ မယ့်ပို့ ကတို့ ရောက်အောင်ပို့ ”
” တစ်မတ်စိရှိရင် ပို့ ပေးမယ်”

x x x


” ဆရာတေးရေ့  . . “
” ဘာတုန်းဗျို့  “

” အိမ်နားက သူငယ်ချင်းအိမ်တော့ ဒီနေ့ လာတယ်သိလား “
” နီးလာပြီ နောက်ဆို အိမ်မှားပြီး ၀င်လာမှာ”

” Yesssss .. နီးလာဘီ ၊ ဆရာရယ်..အိမ်တော့မမှားလောက်ပါဘူး”
” သြော် ပြောစရာ စကား ရှာကြံပြီးပြောတာပါ “

” မျှော်လင့်ချက်နည်းတဲ့ပုံကြီး ၊ အခုနေ သံပရာသီးစားလို့ မရဘူးလားဆရာ “

” ဘာဆိုင်လို့ လဲ သံပုရာသီး နဲ့ ”

” မသိဘူးလေ ၊ နီးနေတုန်း အပိုင်ကြံဖို့ လေ “
” အဲဒါဆိုလည်း ကားတင်ပြေး ဗျာ”

” မရလို့ ပေါ့ ဟွန်း ဟွန်း၊ အခုအချိန်မှာ တခုခုစားလို့ မရဘူးလားဟင် ? အိမ်မှားပီး ၀င်ချင်လာအောင် ၊ ဆရာတေးရယ် ကြံပါဦး “

” ညစာစားပေါ့ . . ညရောက်နေပြီ မဟုတ်လား ။ “

ထိုသို့ ပြောပြီးနောက် နာရီအား တစ်ချက်လှမ်းရှိုးလိုက်ရာ .. ၇း၂၄

” ဖိနပ် အစုတ်ရှိလား “
” မစုတ်လဲပြစ်မယ် ၊ဆရာ ဆရာ့ ဆီမှာ သောကြာ ၇း၂၅ ? နောက်ငါးမိနစ်ဆို ဗုဒ္ဓဟူးထဲဝင်ပီ ကြံစရာရှိ မြန်မြန်ကြံပေးပါ ဆရာရယ် . .

” အင်း .. လာမပြောနဲ့ သိတယ် . . ဆရာမလုပ်နဲ့ ။”
” ဟီးဟီး ဆရာတေးနဲ့ ပေါင်းတာ တိုးတတ်လာပီ . . အခါတိုင်တွေ အမှတ်ရလာပြီ “


ဝ ဒိန်ချဉ်





၅ ဖိနပ်

သောကြာတိုင်



” ဖိနပ်ပြစ်ရမယ် ၊ အနောက်ဖက်ကို၊ ပြီးတော့ စနေနံ ကို ဘုရားတင်လိုက် “

” အခုလား .. စနေနံ ဆိုတော့ . . စနေ နံ စနေ နေ နေ .. ဆိုတော့ တထ . .ဒ “

” ဖိနပ်အရင်ပြစ် ။ လက်လည်း ဆေးအုံး စနေတင်ရင် ။ နာနတ်သီး ၊ ထညက်”

” ညဖက်ကြီး အစားအသောက်တင်လို့  ဖြစ်ပါမလား ။”

” ဘယ်အချိန်တင်တင်ပေါ့ . . ။”

” ဒါဆိုရင် ဒိန်ချဉ် တင်မယ် ရလား ။ဖိနပ်က အခုပြစ်ရမှာလား ။ “

” အင်း ရတယ် ။ ဒိန်ချဉ် (yogurt) ဆိုပါတော့။ ကဲ. . ၃ မိနစ်အတွင်း ပြီးအောင်လုပ် . သွား သွား။ မြန်မြန်”

” ဟုတ် ။ သွားပြီ။ အနောက်ဖက်ဆိုတော့ အိမ်အနောက်ဆိုရပြီလား”

” အင်းရပြီ။”

၅ မိနစ်ခန့် ကြာသော် . . .

” အမလေး ဆရာရဲ့  နှင်းတောထဲ runner နဲ့  ည၀တ်အကျီနဲ့ ပြေးရတာ ရည်းစားတော့ ဘယ်နေမှန်းတော့ မသိဘူး ၊ ချော်လဲတာ ၊ ကံကောင်းလို့  လင်တရူးများ တော်တော်ဆိုးတယ်။ ဒိန်ချဉ်က ဘလူးဘယ်ရီနဲ့ .. ဗနီလာ ဘယ်ဟာတင်ရမလဲ ဆရာ ။ “
” ကြာသပတေး စနေ နံ တွေ တွဲသွားအောင် ဗနီလာ ပဲ လုပ်ဗျာ”

” ကပ်ပီ ၊ အချိန်တော့ကျော်နေပြီ . . ရပါတယ်နော် . . အမလေး လေး မောလိုက်တာ ဆရာရယ်။”
” ရတယ် ။ လုပ်ဖြစ်ဖို့ သာ အရေးကြီးတာ ။ “

၁၅ မိနစ်ခန့် ကြာသော် . .

” ပီးပြီဆရာ ။ ဘာလုပ်ရအုံးမလဲ “
” ပြီးရင် အိပ်တော့ ။ မိုးချုပ်နေပြီ မဟုတ်လား”

” စိတ်ထဲတမျိုးဖြစ်လို့ ပြောရဦးမယ်ဆရာ.. ဒိန်ချဉ်ကပ်နေတုန်း အပေါ်ထပ်က သမီးရည်းစားနှစ်ယောက် အကြီးအကျယ် ဟီလာထတယ်ဆရာ. နာရီလှန်းကြည့်တော့လည်း နာရီက.၆:၁၅ လားပဲရှိသေးတယ် ။”
” ကောင်းတာပေါ့ ။ သောကြာအချိန်မှာ စနေ (အညွန့် သံ) ထွက်တာပေါ့”

” မှီပါတယ်နော် ဖိနတ်ပြစ်တာ.. ကျနော်လည်း ပြေးတာပဲ ။ လက်ဆေး ပြီး ဒိန်ချဉ်ယူတာ..ချော်တောင်လဲတယ် ။ အောင်မငီး”
” ဘာတွေဆုတောင်းခဲ့လဲ”

” ထူးထူးထွေထွေတော့ မတောင်းပါဘူး ဆရာရယ် ။ ခါတိုင်းလိုပဲ..ငါးပါးသီလနဲ့ ..သူတော်ကောင်းတရားသုံးပါး အဆစ်ထည့် ၊ ဇေယျသပ်ဗ ဂါထာ ၃ ခေါက် ၊ စိန္တာမဏိဂါထာ ၁ ခေါက် ၊ မေတ္တာသုတ်ကို သူ့  ဓာတ်ပုံကြည့်ရွတ်တာ ၃ ခေါက် ၊သာသနာကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေအတွက် ၁ခေါက် အမျှဝေ သာဓုခေါ် ဒါပါပဲ၊ “

” သာဓု သာဓု သာဓု ။ ကုသိုလ်တွေ လုပ်ဖြစ်သွားတာပေါ့ဗျာ…”

” ကဲ . .ဆရာရေ အိပ်ပြီ ။ ဘာလုပ်ရဦးမလဲ ဟင်..”
” မျက်လုံးမှိတ်ပေါ့ . . . “
” ဟီး တာ့တာဆရာရေ . .ကျေးဇူးနော်. . “

x x x

နောက်တစ်နေ့ . . ညပိုင်း

” ဆရာတေး.. တခုပြောမလို့ ဖိနပ်ပြစ်တာလေ..နွေတုန်းက စီးထားတဲ့ ညှပ်ဖိနပ်တွေ ပြစ်နေတာ.. အိမ်တွင်းစီး ဖိနပ် အစုတ်တရံ ( သူလည်းစီးဘူးတယ်) အခန်းထဲမှာ ကျန်သေးတယ် နောက်မှသတိရလို့  အဲဒါပြစ်ရမယ်ဆို အခါပေးပါဦး ၊ တကယ်ပြစ်သင့်တာ ကျန်သွားမှာစိုးလို့ ”

” တော်ပြီလေ ။ ပစ်စရာ မလိုတော့ဘူး။ တော်ပြီ . . တော်ပြီ .. နင်နဲ့ ကျမှပဲ ဗေဒင်ဆရာလည်း ရင်မောနေရပြီ “

” ဟီ ဟီ ဟီ”

” ပျော်နေတာလား မနက်က အိမ်ထဲ ၀င်မလာဘူးလား”

” မလာသေးဘူးဆရာရဲ့  နက်ဖန်တော့ သူငယ်ချင်းအိမ်လာမယ်ဆိုလား မနေ့ ညက madakasa 2 ကြည့်ကြတယ်သူတို့  “

” အိမ်ပြန်ဖို့ နိမိတ်ဆိုပြီး ထင်ရာတွေးပေါ့လေ တတ်နိုင်ဘူး၊ ဟိဟိ”

” ဟီဟီ ဟုတ်လောက်တယ် လေးဖြူနဲ့ မျိုးကြီး အိမ်ကိုပြန်ခဲ့တော့ ဆိုတာ များများနားထောင်မှ”
” အဲဒါမှ မြန်မာပြည် ပြန်ညောင်းသွားရမယ် ဘာမှတ်နေလဲ . .”
” ဘုရားဘုရား မလုပ်နဲ့ လေ ။ ဒါမှ မဟုတ် .. နောက်ဆုံးတော့ မင်းရဲ့ ရင်ခွင်ဆီ .. “

x x x

နောက်တစ်နေ့ G-talk တွင် ဆန်းကျမ်းဆရာ ရန်ကြီးအောင် ပုံလေးအား ခဏတင်ထားလိုက်သည့်အချိန်တွင်. .

” ဦးရန်အောင်မိသားစုဆိုတော့ ကျနော့် ရန်တွေအောင်မှာပေါ့နော်”
“တော်ပါဗျာ. . . “

” တော်ဘူး . . လောလောဆယ်တော့ တယ်လီဖုန်း ကျန်ခဲ့ပီ “

” တယ်လီဖုန်း ပဲပြောပြော ဖုန်းပဲပြောပြော တစ်ခုခုပဲ ဟိဟိ . ။ တယ်လီဖုန်း – ဖိနပ် + ဒိန်ချဉ် ၊ စနေနံ နဲ့ ကြာသပတေး ။ တစ်နေ့ က လုပ်ခိုင်းထားတာတွေ ဓာတ်ထိနေပြီ . . ဟိဟိ”

” ဆရာတေး . . ဒီနေ့ လေ ကျွန်တော် ဒံပေါက် တစ်ယောက်တည်း သွားထိုင်စားနေတုန်း သူငယ်ချင်းတွေ ပြန်ရောက်လာတာ . . သူပါလာတယ်သိလား . . ကြားရက်ကြီးကို . . ထူးထူးဆန်းဆန်း ။ အဲဒါ သူငယ်ချင်းတွေကလည်း သူ့ ကို ကားပေါ်ကတောင်မဆင်းခိုင်းတော့ဘူး.. ပြန်ထွက်ပီး မုန့် စားကြတော့ ကျနော်ပြန်လာခဲ့တယ် . . တွေ့  တောင်မတွေ့ လိုက်ဘူး ။ ခွိခွိခွိ ချစ်သူမျက်နှာလေးတောင်မမြင်လိုက်ရဘူး . ။ ဒါပေမယ့်လည်း မဆိုးပါဘူး..ကြားရက် ၅ ရက်မှာ ၁ခါပဲသွားတာ သူနဲ့ တိုးတာ ၂ ခါရှိပြီ ။”

” အင်း ဓာတ်သေချာမထိလို့ ပေါ့ ။ အဝေးကနေ ကြင်ပေါ့ကွယ် ။”

“ဘာလို့ လဲဆရာ ။ ကြင်ဝူး . . အနီးကပ်ပဲကြင်မှာ။ ဓာတ်ကလည်း ထိလောက်ပါတယ်.ဆရာရ။ သူကလည်း ကျနော်နဲ့ တွေ့ ရင်ထချမယ်ဆိုလို့ ကြားလူတွေက ပေး အတွေ့ မခံတာ။ ဘယ်..အတင်းကြီး ဆင်းတွေ့ မလဲ ။ အင်းလေ . ..ဘယ်သိမလဲ . . ကိုယ့်ကို တွေ့ ချင်လို့ လာတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။”

x x x


၂ ရက် အကြာတွင်

” ဆရာ ခြေထောက်ကို ဟိုဒင်းနဲ့ ထိ ဒီဒင်းနဲ့ ထိနဲ့ … ကြာရင်ဖြတ်ရတော့မယ် “

” အဲဒါဘာဖြစ်တုန်း . . ရှုပ်ရင် ဖြတ်ထားလိုက်ပေါ့ သမီးရယ်”

” မသိဘူးလေ.. ဆရာ့ယတြာက အောက်ပိုင်းများမှားရောက်နေလားလို့  ။ တချိန်လုံး ခလုပ်တိုက် “

” အောက်ပိုင်းပဲ အရေးကြီးတာမဟုတ်လား.. ငါတော့ မပြောလိုက်ချင်ဘူး . .ဟင်း .. .”

” ခြေထောက်ဖြစ်နေလို့ဆရာ ။ နီးတော့နီးစပ်လာပီထင်ပါတယ်နော် “

” အေးဆေးပေါ့ ။ မေတ္တာလေးဘာလေးလည်း ပို့ အုံး “

” နေ့ တိုင်း ပို့ နေတုန်း ပဲ ဆရာ “

ဓာတ်ရိုက်ထားသဖြင့် ဓာတ်သည် ထိတော့ ထိနေလေ၏။ စနေ နှင့် ကြာသပတေး များ အသက်ဝင် လှုပ်ရှားနေ၏ ။ တနင်္လာသား ပြန်လာစေရန်အတွက် သောကြာ အခါတိုင်အရ သောကြာ ပရိယာယ် စကားအား အသက်ဝင် လှုပ်ရှားစေရန် အမြစ်အညွန့် နံတွဲ ဓာတ်ရိုက်ပေးလိုက်သော်လည်း တစ်လွဲ ထိချင်ရာ ထိနေလေတော့ရာ . .