ကြတ် အုံး . . . .မှာ . . .

တနင်္ဂနွေဂြိုဟ် တစ်ရာသီထဲ ရှိနေစဉ် အတွင်း နေလကြတ်ခြင်း၏ အကျိုးသက်ရောက်မှု

၂ဝဝ၉ ခုနှစ် ပထမအကြိမ် နေကြတ်ခြင်းကို ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ ပထမအကြိမ် လကြတ်ခြင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်းကောင်း ကမ္ဘာ့ဒေသအချို့ မှ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ အဆိုပါ နေကြတ်၊ လကြတ် ခြင်းသည် သဗ္ဗခေါ် (အပြည့်အဝ) အလုံးစုံကြတ်ခြင်း မဟုတ်ဘဲ အသဗ္ဗခေါ် တစ်စိတ်တပိုင်းကြတ်ခြင်း အဖြစ်သာ တွေ့မြင်ခဲ့ရသည်။

ဒုတိယအကြိမ်မြောက် နေကြတ်ခြင်းကို လာမည့် ဇူလိုင် ၂၂ ရက်၊ ၂၀၀၉ ခုနှစ်တွင် တွေ့မြင်ရမည် ဖြစ်ပြီး သဗ္ဗခေါ် အလုံးစုံအပြည့်အဝကြတ်ခြင်းကို မြင်တွေ့ရမည် ဖြစ်သည်။

ဒုတိယအကြိမ်မြောက် လကြတ်ခြင်းကိုလည်း ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာဖြင့် ဇူလိုင် ၇ ရက်နှင့် သြဂုတ် ၆ ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ရဦးမည် ဖြစ်သည်။

ပုံမှန်အားဖြင့် နေကြတ်၊ လကြတ်ဖြစ်စဉ်များမှာ တစ်နှစ်လျှင် နှစ်ကြိမ်မျှသာ ဖြစ်လေ့ရှိသော်လည်း ယခုနှစ်တွင် လကြတ်ခြင်းသည် ပုံမှန်ထက် တစ်ကြိမ်ပိုမိုနေသည် ။ နေလကြတ်ခြင်းမှာ မထူးခြားသော သဘာဝတရား တစ်ခုမျှသာ ဖြစ်သော်လည်း ယခု ၂၀၀၉ တွင် နေ နှင့် လကြတ်မှု ဖြစ်စဉ်မှာ အခြားသော အကြောင်း တရားများဖြင့် ထူးခြားလျက်ရှိသည်။

အဆိုပါ ထူးခြားမှုများထဲမှ တနင်္ဂနွေဂြိုဟ် တစ်ရာသီထဲ ရှိနေစဉ် အတွင်း နေလကြတ်ခြင်း၏ အကျိုးသက်ရောက်မှုများကို စာမြည်းသဘော တင်ပြလိုက်ရပါသည်။

နေလကြတ်ခြင်း အကျိုးသက်ရောက်မှု

ယခုနှစ် နေကြတ်မည့် ဖြစ်စဉ်များကို လေ့လာပါက ကောဇာတနင်္ဂနွေ နေမင်း ၊ ရာသီအိမ် တစ်ခုထဲတွင် ရပ်တည်နေစဉ် အတွင်း နေ နှင့် လကြတ်ခြင်း ဖြစ်ပွားမည်ကို တွေ့ရသည်။ ယင်းကဲ့သို့ တစ်ရာသီထဲ ရှိနေစဉ်အတွင်း နေကြတ်ခြင်း ၊ လကြတ် ခြင်း ဖြစ်ပွားပါက နက္ခတ်ဗေဒင်ကျမ်းများ၏ အဆိုအရ

(၁) နေကြတ်ခြင်းသည် အစိုးရ၊ မင်း၊ အုပ်ချုပ်သူများနှင့် သက်ဆိုင်သည်။ လကြတ်ခြင်းသည် ပြည်သူပြည်သား၊ ကောက်ပဲသီးနှံများနှင့် သက်ဆိုင်သည်။

သဗ္ဗကြတ် ခေါ် နေအပြည့်အ၀ ကြတ်ခဲ့သော် ၎င်းကိုမြင်ရသော တိုင်းပြည်များ၌ ငတ်မွတ်ခေါင်းပါး ကြပ်တည်း ဒုက္ခများတတ်သည်။ အထူးသဖြင့် နေသဗ္ဗကြတ်ရာ ရာသီကို ပါပဂြိုဟ်များအမြင်ယှဉ်ပါ ရှိခဲ့သော် ပိုမိုပြင်းထန် ဆိုးရွားပေလိမ့်မည်။

အသဗ္ဗကြတ်ခေါ် တစ်စိတ်တပိုင်းကြတ်ခြင်းကိုသာ မြင်ရပါက အကျိုးသက်ရောက်မှု ထင်ရှားထူးခြားလိမ့်မည် မဟုတ်ပေ။

(၂) တစ်လအတွင်း ( အထူးသဖြင့် ) တနင်္ဂနွေ တစ်ရာသီတည်း ရှိနေစဉ်အတွင်း နေရောလပါ ကြတ်ခဲ့သော် စစ်တပ်များ၏ ပုန်ကန် တိုက်ခတ်မှုကြောင့် မင်းအစိုးအုပ်ချုပ်သူများ သေကြေ ပျက်စီးတတ်သည်။ ကြောက်မက်ဖွယ်ရာ သွေးမြေကျမှုများ ဆက်တိုက် ဖြစ်ပွားပေလိမ့်မည်။
( ဒေါက်တာကံညွှန့် ကူးယူ ဘာသာပြန်ဆိုသည့် စီးပွားရေးနှင့် စိုက်ပျိုးရေးနက္ခတ္တဗေဒ စာအုပ်မှ )

အဆိုပါ ထူးခြားသည့် နေကြတ်၊ လကြတ်ဖြစ်စဉ်နှင့်အတူ နေအဖွဲ့အစည်း၏ အကြီးဆုံး ဂျူပီတာခေါ် ကြာသပတေး ဂြိုဟ်ကြီးသည် မကာရရာသီအိမ်၌ နိစ်အဖြစ် အားနည်းမှိန်ဖျော့စွာ ရပ်တည်နေသည့်အပြင် သိဟ်ရာသီရှိ စနေဂြိုဟ်နှင့် ဆဌ၊ အဌအနေအထား ဖြစ်ပေါ်လျက်ရှိသည်။ ပိုမိုဆိုးရွားစေသည့် အချက်မှာ ရာဟု၊ ကိတ်ဝင်ရိုးတန်းနှင့် ကြာသပတေးဂြိုဟ်တို့ တွယ်ငြိလျက်ရှိနေပြန်သဖြင့် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းသည့် အနေအထားသဖွယ် ဖြစ်နေပြန်တော့သည်။

ထို့အပြင် အဆိုပါကြာသပတေးဂြိုဟ်မှာ ယခုနှစ်အတွင်း သီဟဇာခေါ် အမြန်သွားခြင်းဖြင့် ကုံရာသီသို့ ၀င်ရောက်ခြင်း၊ တဖန် ၀ကြခေါ် နောက်ပြန်သွားခြင်းဖြင့် မကာရသို့ ပြန်ဝင်လာခြင်း စသည်ဖြင့် ရှေု့တိုးနောက်ငင် အမျိုးမျိုးအဖုံဖုံ ဖောက်ပြန်တော့မည် ဖြစ်ရာ ယင်းကဲ့သို့ သော ဖြစ်စဉ်များနှင့် ပက်သက်၍ ရှေးကျမ်းများက ဤသို့ ဆိုထားပါသေးသည်။

“ ကြာသပတေး သီဟဇာသွားမူ အဓိပတိမင်း သေအံ့။ ၀ကြသွားမူ မင်းမိဖုရား၊ မောင်းမများ သေဆုံးအံ့။ နိယတုံမူသော် ငလျင်တုန်လှုပ်အံ့။ ပါပဂြိုဟ်တို့ ၀ကြသွားနေစဉ် သောမဂြိုဟ်တို့ သီဟဇာကျင့်မူ သတ္တ၀ါတို့ ဆင်းရဲကုန်အံ့။ ငတ်မွတ်ခေါင်းပါးအံ့။ အနာရောဂါထူပြောအံ့။ မင်းတို့သည် အချင်းချင်း စစ်မက်ဖြစ်ပွားကုန်အံ့။”

လက်ရှိ လတ်တစ်လော တွေ့ရမြင်ရ ဖတ်နေရသော ကမ္ဘာ့သတင်းများနှင့်အတူ ကောင်းကင်တွင် ဖြစ်ပေါ်တည်ရှိနေသော ဂြိုဟ်နေဂြိုဟ်ထားများအရ ၂၀၀၉ ခုနှစ်သည် ကမ္ဘာကြီးအတွက် စိန်ခေါ်မှုများစွာ၊ ပြဿနာများစွာ၊ အထင်ကရ စစ်ပွဲကြီးနှင့် မငြိမ်းချမ်းနိုင်သော အရေးအခင်းများစွာကို ယူဆောင်လာဦးမည်ဟု ကောက်ချက်ချမိပါသည်။

လက်ရှိ နိုင်ငံတကာတွင် ဖြစ်ပွားခံစားနေရသော ငွေကြေးအကျပ်အတည်း၊ စီးပွားရေးပြိုလဲမှုများမှသည် ရာသီဥတု ဖောက်ပြန်မှုများ၊ ငလျင်များသည် ကျွန်ုပ်တို့ ကမ္ဘာကြီးအား ဆက်လက် ကိုင်လှုပ်နေဦးမည်ဖြစ်ရာ မြန်မာနိုင်ငံသည်လည်း အနည်းနှင့်အများဆိုသလို အကျိုးသက်ရောက်မှုတစ်ခုမက ရိုက်ခတ်ဦးမည်သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ အမိ မြန်မာနိုင်ငံတော်ကြီး အခြေအနေသည်လည်း မငြိမ်းချမ်းသော အရေးအခင်းများနှင့် မလွယ်ရေးချ မလွယ် ဟု ဆိုရမည်လည်း ဖြစ်သည်။

အဆိုပါ နေလကြတ်ခြင်း၊ ကြာသပတေး ၊ စနေဂြိုဟ်တို့၏ အနေအထားများနှင့်တကွ အခြားသော နက္ခတ်ဗေဒင်ဆိုင်ရာ နက်နဲသည့် ပညာအမြင်များ၊ နေလကြတ်ချိန်ဇာတာခွင်ဖြင့် သုံးသပ်ဟောပြောချက်များ၊ အဓိကဂြိုဟ်ကြီးများ၏ ပူးယှဉ်ချိန်ဖွဲ့ဆိုသော ဇာတာများ၊ တိုင်းပြည်နိုင်ငံအသီးသီး၏ ဇာတာခွင်များ မပါဝင်ဘဲ သာမန် အခြေခံ ရိုးရိုးအမြင်ဖြင့်သာ စဉ်းစား ကောက်ချက်ချခဲ့ကြောင်းကို ၀န်ခံရင်း . . .

သုတေသီ တစ်ဦး


Leave a comment