သမ္မတကြီးရယ် စိုးရိမ်မိတယ်

ယူရေးနပ်စ်ဂြိုဟ် နှင့် နေကြတ်ချိန် တနင်္ဂနွေ တနင်္လာတို့ သည် ၁၅၀ ဒီဂရီ (၈)တန့် အမြင်ဖြင့် အဆိုးမြင် မြင်နေလေရာ


နိုင်ငံရေး ဗေဒင်ပညာတွင် နေကြတ် လကြတ် ဖြစ်စဉ်သည် အရေးပါပေသည်။ ရာဟုဂြိုဟ်နှင့် ကိတ်ဂြိုဟ်တို့  တနင်္ဂနွေ ဂြိုဟ် တနင်္လာဂြိုဟ်တို့  ပူးယှဉ်ချိန်တွင် နေကြတ် လကြတ်ခြင်းတို့ ဖြစ်ပေါ်ပါသည်။ တစ်နှစ်လျှင် နေ (၂) ကြိမ် နှင့် လ (၂) ကြိမ် ကြတ်နိုင်ပါသည်။ တစ်လအတွင်း နေကြတ် လကြတ် ဖြစ်ပေါ်နိုင်ကာ လပြည့်ရက်တွင် လကြတ်ပြီး လကွယ်ရက်တွင် နေကြတ်နိုင်ပါသည်။ သဘာဝ တရားအရ နေနှင့်လ တို့ သည် ရာဟု နှင့် ကိတ်တို့ ပူးယှဉ်ချိန်တွင် ကြတ်ခြင်းဖြစ်၍ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပါသည်။ ထူးထူးခြားခြား ဖြစ်ပွားခြင်း မဟုတ်ပါ။ သို့ ရာတွင် နေကြတ် လကြတ် ဖြစ်သည့် အချိန်တွင် မိမိ၏ မွေးဖွားစဉ်က ဂြိုဟ်များတွင် ပါပ ဂြိုဟ်များဖြစ်သော စနေ၊ အင်္ဂါ၊ ရာဟု စသည်တို့ နှင့် ပူးယှဉ်ပါလျှင် မကောင်းကျိုးကို ဖြစ်ပွားစေပါသည်။ အံသာ နီးလေလေ အကျိုးပေးလေလေ ဖြစ်သည်။ ထို့ အတူ မိမိဇာတာခွင်ရှိ သောမဂြိုဟ်များ ဖြစ်သော ကြာသပတေး ၊ သောကြာ ဂြိုဟ် တို့ နှင့် ပူးယှဉ်ပါလျှင် ကံကောင်းခြင်း၊ ငွေဝင်ခြင်း၊ ရာထူးတက်ခြင်း၊ အောင်မြင်ခြင်း စသည့် ကောင်းကျိုးတရားများကို ခံစားကြရပါသည်။ မိမိ၏ လဂ် ၊ စန်း ၊ တနင်္ဂနွေ စသည်တို့ အပေါ် နေကြတ် လကြတ် ဖြစ်လျှင် ကျန်းမာရေး ကျဆင်းခြင်း၊ ဒုက္ခအခက်အခဲများ နှင့် ကြုံတွေ့ ခြင်း ၊ စိတ်မချမ်းမသာ ဖြစ်ရခြင်းတို့ ကို ဖြစ်စေနိုင်ပါသည်။

နေကြတ် လကြတ် ခြင်းကြောင့် မကောင်းကျိုးဖြစ်စေမည်ဟု တရားသေ မှတ်မထားဘဲ ပူးယှဉ်သည့် ဂြိုဟ်ပူး ဂြိုဟ်ယှဉ် အတိုင်း ကောင်းကျိုးကိုသော်လည်းကောင်း ၊ ဆိုးကျိုးကိုသော်လည်းကောင်း ၊ ထင်ထင်ရှားရှား ပေးမည်ဟုသာ မှတ်ယူသင့်ပါသည် ။ လကြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်ကို (၁) လအတွင်း ပေးလေ့ရှိပြီး နေကြတ်ခြင်းကြောင့် ဖြစ်ပေါ်သော အကျိုးဆက်ကိုမူ (၆) လ အတွင်း ပေးတတ်ကြပါသည်။ တစ်ခါတစ်ရံ ချက်ချင်း အကျိုးပေးခြင်းမျိုးလည်း ရှိတတ်ပါသည်။ နေကြတ် လကြတ်ကို ကောင်းစွာမြင်ရသည့် ဒေသနိုင်ငံတို့ တွင် မြေငလျင် လှုပ်ခြင်းမျိုး ဖြစ်တတ်ပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့် က ကောင်းကင်တွင် နေကြတ်နေစဉ် မြေငလျင်လှုပ်၍ အတိ ဒုက္ခရောက်ခဲ့သည့် အဖြစ်မျိုး ကြုံခဲ့ဖူးပါသည်။

ယခုနှစ် ၂၀၁၀ ဇန်န၀ါရီလ (၁၅) ရက်နေ့  သောကြာနေ့ တွင် နေကြတ်ခဲ့ရာ ကြတ်စ မြန်မာစံတော်ချိန် နံနက် (၁၀း၃၅) ဖြစ်ပြီး ကြတ်လယ် မြန်မာစံတော်ချိန် နေ့ လည် (၁း၃၇) ဖြစ်ကာ လွတ်ဆုံး မြန်မာစံတော်ချိန် ညနေ (၄း၃၈) မိနစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ချက်နိုင်ငံ တောင်ပိုင်း ၊ ဗဟို အာဖရိက၊ ကွန်ဂိုနိုင်ငံ၊ ယုဂန္ဓာနိုင်ငံ ၊ ကင်ညာနိုင်ငံ၊ အိန္ဒိယနိုင်ငံ တောင်ပိုင်း ၊ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်း နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ က မြင်တွေ့ ရခဲ့ရသည်။

မကာရ ရာသီ၏ တိတ်စွဲနိုင်ငံမှာ အိန္ဒိယ ၊ သဲကန္တာရ နယ်မြေများ ၊ အရှေ့ အလယ်ပိုင်းဒေသ နှင့် လူမည်းလူမျိုးများ နေထိုင်ရာ အာဖရိကတိုက်တို့ ဖြစ်ပါသည်။ အင်္ဂါဂြိုဟ်မှာ သွေးထွက်သံယို ကိစ္စများ ၊ စစ်ရေးစစ်ရာများနှင့် ဒေါသကြီးစွာ လုပ်ဆောင်ချက်များကို ဖြစ်ပွားစေပါသည်။ စနေဂြိုဟ်မှာ ငတ်မွတ်ခေါင်းပါးခြင်းအထိ ဒုက္ခရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း ၊ သတ္တန္တရကပ် နှင့် ဒုဗ္ဗိကန္တရကပ် တို့ ကို ဖြစ်ပွားစေနိုင်ပါသည်။

မြန်မာနိုင်ငံ၏ တိတ် စွဲရာသီကို တူရာသီဟု ယူဆပါလျှင် တူရာသီ၏ ၄ တန့် ရာသီဖြစ်၍ အိမ်နားနီးချင်း မိတ်ဆွေနိုင်ငံဟု ယူဆနိုင်ပြီး တိတ်စွဲရာသီကို မိန်ရာသီဟု ယူဆလျှင် မကာရ ရာသီသည် ၁၁ တန့် မိတ်ဆွေ နိုင်ငံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မပတ်သက်ပါ။ နေကြတ်ခြင်း နှင့် မသက်ဆိုင်နိုင်ပါ။

လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနှင့်တော့ ပတ်သက်မှုများ ရှိကြပါသည်။ မိမိတို့ ၏ လဂ်၊ စန်း ၊ တနင်္ဂနွေတို့ အပေါ် ကြတ်ပါလျှင် ကျန်းမာရေး၊ စီးပွားရေး ၊ ကြီးပွားရေး ၊ စိတ်ပိုင်းဆိုင်ရာများတွင် ထိခိုက်ခံစားရနိုင်ပါသည်။ ကြီးပွားရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ သားသမီးအရေး၊ အချစ်ရေး၊ ရန်သူဘေးဒုက္ခ၊ အနာရောဂါ နှင့် ခရီးသွားလာမှု ၊ အလှူအတန်း ကုသိုလ်ကောင်းမှု ပြုလုပ်ရေး၊ မောင်နှမသားချင်း၊ မိတ်ဆွေများ၏ အရေးကိစ္စတို့  တွင် နေကြတ်ခြင်း ၊ သောမဂြိုဟ်အပေါ် နေကြတ်ပါလျှင် ကောင်းကျိုးကို ထင်ရှားစွာ ဖြစ်စေပြီး ပါပဂြိုဟ်များအပေါ် နေကြတ်လျှင် ဆိုးကျိုးတရားများ ထင်ရှားစွာ ဖြစ်စေပါသည်။

ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု တွင် စနေဂြိုဟ် မြေရာသီများသို့  ရောက်ရှိချိန် အနှစ် (၂၀) လျှင် တစ်ကြိမ်မျှ နိုင်ငံရေးနှင့် ပတ်သက်၍ ထင်ရှားသော အဖြစ် အပျက်များ ဖြစ်ပွားလေ့ရှိသည်။ အမေရိကန်၏ တိတ်စွဲရာသီမှာ မေထုန်ရာသီ ဖြစ်ရာ မြေရာသီ ပြိဿရာသီသို့  စနေဂြိုဟ်ရောက်လျှင် မိမိတိတ်စွဲရာသီ မေထုံမှ ၁၂တန့် ဗျာယ- ပျက်စီးခြင်း နှင့်ဆိုင်သော အိမ်သို့  ရောက်၍လည်းကောင်း ၊ စနေဂြိုဟ် မြေရာသီ ၊ ကန်ရာသီ သို့ ရောက်ချိန်တွင် မေထုံရာသီ ၄ တန့် - အိုးအိမ် ၊ အိမ်တွင်းရေး နှင့် နိုင်ငံတွင်းရေးရာများ နှင့် ဆိုင်သော ရာသီသို့ ရောက်၍လည်းကောင်း ၊ စနေဂြိုဟ် မြေရာသီ မကာရရာသီသို့ ရောက်ချိန်တွင် မေထုံရာသီမှ ၈တန့် မရဏဘာဝ သေဆုံးခြင်း ၊ ၀မ်းနည်းကြေကွဲခြင်း နှင့် ပတ်သက်ရာ ရာသီသို့ ရောက်၍လည်းကောင်း ၊ နိုင်ငံရေးတွင် အခက်အခဲများ ကျရောက်လေ့ရှိပါသည်။ ထိုအချိန်များတွင် အမေရိကန်နိုင်ငံ၏ အကြီးအကဲများသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဒုက္ခရောက်ကြရသည့် သာဓကများ ရှိပါသည်။ သမ္မတ လင်ကွန်း ၊ သမ္မတ ကနေဒီ တို့ သည် သူတစ်ပါးလက်ချက်ဖြင့် အသက် ဆုံးရှုံးခဲ့ကြရပါသည်။ သမ္မတ ရော်နယ် ရေဂင်သည် လုပ်ကြံသူတို့ ၏ သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာ ရရှိခဲ့ပါသည်။

ယခု ၂၀၁- ဇန်န၀ါရီလ နေကြတ် ချိန်တွင် စနေဂြိုဟ်သည် မြေရာသီ – ကန်ရာသီ၌ နောက်ပြန်သွားကာ အမေရိကန်နိုင်ငံမှ တိတ်စွဲ မကာရရာသီ (၈)တန့် တွင် နေကြတ်ခြင်း ဖြစ်၍ အမေရိကန်နိုင်ငံ သမ္မတ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ကို နက္ခတ်ဗေဒ ပညာရှင်များ သတိထားမိကြမည် ဖြစ်သည်။

ဗိုလ်ကျစိုးမိုးရေးဝါဒကို လက်မခံဘဲ အခြေခံလူတန်းစားဖက်မှ ရပ်တည်သည်ဟု တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည့် သမ္မတ အိုဘားမား သည် ၁၉၆၁ ခုနှစ် သြဂုတ်လ ၄ ရက်တွင် မွေးဖွားပါသည်။ အမေရိကန်နိုင်ငံ၏ သမိုင်းတွင် မရှိခဲ့ဖူးသည့် ပထမဦးဆုံး လူမည်း သမ္မတ လူရည်ချွန်တစ်ဦး ဖြစ်ကာ ကမ္ဘာ့လူထု၏ ချီးကျူးခြင်းခံရသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါသည်။ သူ၏ ဇာတာတွင် ကြာသပတေးဂြိုဟ်နှင့် စန်း တနင်္လာဂြိုဟ်တို့ တြိဂုံးနေခြင်းက လူထု၏ ထောက်ခံအားပေးမှု၊ ချစ်မြတ်နိုးမှုကို ခံရမည်ဖြစ်ကြောင်း ဖော်ပြပေသည်။ သူ့ ဇာတာအတွင်း အသက် ၄၈ နှစ်တွင် နှစ်တိုး တနင်္ဂနွေဂြိုဟ်သည် မူလ တနင်္လာ ကြာသပတေးတို့ နှင့် တြိဂေါဏ (တြိုင်းအမြင်) တွင် သမ္မတဖြစ်လာသူ ဖြစ်ရာ ဗေဒင်ကျမ်းဂမ်များနှင့် ကိုက်ညီစွာပင် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်ပါသည်။

ယခု နေကြတ်ချိန်တွင် သမ္မတ အိုဘားမား၏ မူလ တနင်္ဂနွေဂြိုဟ်ပေါ်၌ ရန်လိုမှု နှင့် သွေးထွက်သံယိုမှုကို ဖြစ်စေသော အင်္ဂါဂြိုဟ်က နောက်ပြန်ဆုတ်ကာ စီးနင်းနေပါသည်။ ခန္ဓာကိုယ် ကျန်းမာရေး နှင့် ဂုဏ်သတင်း ထင်ရှားမှု ဆိုင်ရာ တနင်္ဂနွေဂြိုဟ်သည်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုနှင့် ဇနီး ၊ သားသမီး ဆိုင်ရာ တနင်္လာဂြိုဟ်တို့ သည်လည်းကောင်း အိုဘားမား၏ မူလ စနေဂြိုဟ်ပေါ်တွင် ရောက်ရှိ စီးနင်းနေပါသည်။

မူလ ယူရေးနပ်စ်ဂြိုဟ် နှင့် နေကြတ်ချိန် တနင်္ဂနွေ တနင်္လာတို့ သည် ၁၅၀ ဒီဂရီ (၈)တန့် အမြင်ဖြင့် အဆိုးမြင် မြင်နေလေရာ ပါပဂြိုဟ်တို့ ၏ ဂြိုဟ်ပူး ဂြိုဟ်မြင်များ ဖြစ်နေ၍ စိုးရိမ်သောက မအေးဖြစ်ရပါသည်။

ကျွန်တော်တို့ သည် ကံ နှင့် ကံ၏ အကျိုးပေးကို ယုံကြည်ကြသူများ ဖြစ်ရာ အတိတ်ဘ၀ကံကို ယခုဘ၀တွင် ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်မှ တစ်ပါး ရှောင်လွှဲဖို့ ရာ အလွန်ခက်ခဲပါသည်။

မေတ္တာ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ၊ ဗြဟ္မစိုရ် တရား (၄) ပါး ထွန်းကားရာ ဒေသဖြစ်သောကြောင့် မေတ္တာကင်းမဲ့စွာ ဆိုးကျိုးပါစေသော စေတနာဖြင့် မတွေးလို မပြောလိုပါ။ သို့ ရာတွင် ကံအကြောင်းတရားပါလာရင်တော့ ” မနုရေ.. ၀ဋ်ဆိုရင် သူ့ ဝဋ်ကျွေးကို ဆပ်ရမှာပေါ့” ဟူသော ဆရာတော် ဦးဗုဒ်၏ တရားသံကို သတိရမိပါသည်။

လူအချင်းချင်း ရန်ပြုခြင်း ကင်းဝေးကြပါစေ….
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းကြပါစေ .. ဟုသာ မေတ္တာတရားဖြင့် ဆုတောင်းမိပါသည်။

ဒေါက်တာ ဖေဥာဏ်

Leave a comment