ကမ္ဘာ့ဖလား V ဖြစ်နိုင်ချေ + ဖြစ်တန်စွမ်း

World Cup Possibility + Probability = Risk Analysis

ဂျာမဏီ ရေဘ၀ဲ ပေါလ် က စပိန်ကို ရွေးထားတယ်တဲ့..။”
” ဟုတ်လား..။ “
” အင်း.. စပိန် နဲ့ ဟော်လန် အလံကပ်ထားတဲ့ အစာပုံး ၂ ပုံး ထဲက စပိန်အလံကပ်ထားတဲ့ အစာပုံး ကို ရွေးလိုက်တာလေ..”

” သြော်… ဒါဆို သရေကျရင် ဘယ့်နှယ်လုပ်မလဲ”
” သူက အချိန်ပို အထိ ခန့် မှန်းတယ်ထင်တာပဲလေ..”

” ရေဘ၀ဲဖက်က probability တွက်ကြည့်ရင် 50 – 50 ပေါ့..”

” ရေဘ၀ဲက သူ့ ညာဖက်က အစာပုံးကိုပဲ ရွေးတယ်ဆို..”
” ဒါတော့ ကိုယ်လည်း မပြောတတ်တော့ဘူး.. အခုထိတော့ မှန်နေတုန်းပဲ..”
——————————–

စင်္ကာပူ ကြက်တူရွေး မနီ ကလည်း ဟော်လန်ဆိုပဲ…။ တစ်ပွဲမှ မမှားသေးဘူးလို့ ကြားတယ်….”
” ဟုတ်လား..”
” အင်း.. စပိန် နဲ့ ဟော်လန် လို့ ရေးထားတဲ့ စက္ကူပြား ၂ ချပ်ထဲက ဟော်လန်လို့ ရေးထားတဲ့ စက္ကူပြား ကို ရွေးလိုက်တာလေ..”

” သြော်.. ဒီကြက်တူရွေးကကော.. မိနစ် ၉၀ အပြည့်ပဲလား.. ။ အချိန်ပို ပါသေးလား..။ မိနစ် ၉၀ အပြည့်ဆိုရင်တော့ 33.33 % သူ့ ဖက်က အခွင့်အရေးရှိတယ်..”
” သူလည်း အချိန်ပို ပါ .. ပါမယ်ထင်တာပဲ”
—————————-

” တောင်ဒဂုံက ငရှဥ့် က စပိန် ဂိုးအပြတ်အသတ် နဲ့ နိုင်မယ်တဲ့.. မှန်နေတာ ဆက်တိုက်ရှိပြီတဲ့ ..။  “
” ဟုတ်လား..။ “

” အုတ်ဂူ ၁ ခု စီမှာ စပိန် နဲ့ ဟော်လန် လို့ ရေးပြီး အဲဒီ ငါးရှဉ့် ကို အုတ်ဂူကြားမှာ ချပေးလိုက်တာ.. စပိန် လို့  ရေးထားတဲ့ အုတ်ဂူထဲ ၀င်သွားတယ်လေ.. ။ “
” သြော်..။ “

” သင်္ကန်းကျွန်းက Hamster လေးကလည်း ဟော်လန်တဲ့ ။ သူလည်း တစ်ပွဲမှ မလွဲသေးဘူး..။”
” ဟုတ်လား…”

“Running wheel တစ်ခု စီမှာ ဟော်လန် နဲ့ စပိန် လို့ ရေးပြီး Hamster ကို လွှတ်ပေးလိုက်တာ ဟော်လန်လို့  ရေးထားတဲ့  wheel ကို ရွေးပြီး အဲဒီအပေါ်မှာ တက်ပြေးနေလို့ တဲ့လေ .”
” သြော်..။”

” မြန်မာပြည်က စပါးကြီးမြွေက ဘရာဇီး အလံကို မြိုလိုက်လို့ တဲ့.. အာဖရိက နိုင်ငံတစ်ခု မှာ တရားစွဲခံနေရတယ်..”
” အဲဒါနဲ့ ကမ္ဘာ့ဖလား နဲ့ ဆိုင်လို့ လား ..”
” ဘရာဇီး အသင်း ရှုံးအောင် မြွေနဲ့ တိုက်တာဆိုလား ဘာလားဗျာ.. မာရာဒိုနာတောင် ဘဘုန်းပေးတဲ့ လက်ဖွဲ့ ကြီး လက်မှာ ပတ်ပြီးတော့ အသကုန် နမ်းနေတာ “..
” သြော် ..”

—————————

” အင်္ဂလန်က ဆရာတေးကလည်း တစ်ခါမှ ဖလားမရဖူးသေးတဲ့ အသင်းတဲ့..။
” ဟုတ်လား..။ “
ယူရေးနပ်စ်နဲ့ ကြာသပတေး ပူးလို့ ဆိုလားဘာလား..။
“တယ်ဟုတ်ပါလား..”

” နောက်ပြီးတော့ သူက ပြောသေးတယ် .. ။ ကမ္ဘာ့ဖလားပွဲမှာ စုစုပေါင်း ၀င်ပြိုင်တဲ့ အသင်းက ၃၂ သင်းတဲ့.. ။ ဖလားရဖူးတဲ့ အသင်း က ၇ သင်းပဲ ရှိတာတဲ့..။
၁)  ယူရုဂွေး (၂) အီတလီ  (၃) ဂျာမဏီ (၄) ဘရာဇီး (၅) အင်္ဂလန်  (၆) အာဂျင်တီးနား  (၇) ပြင်သစ်  အစရှိတဲ့ အသင်းတွေကို ဖယ်လိုက်ရင် ၂၅ သင်းပဲ ကျန်မယ်တဲ့ ။  ၂၅ လေး ၃၂ လေး ဆိုတော့ သူက စင်ပေါ်ကပဲတဲ့ ..။  “

” ပိုင်လည်း ပိုင်ပါပေ့ .. ။ ဒါဆိုရင်.. သူကကော ဘယ်နှစ်ပွဲ မှန်နေပြီလဲ..”

“အင်း.. သူလည်း တစ်ပွဲမှ မမှားသေးဘူး..
ဟုတ်လား.. ။”

” ဟီးဟီး .. ဟုတ်တယ်.. တစ်ပွဲမှ မမှားသေးတာက တစ်ပွဲမှကို မခန့် မှန်းလို့ လေ..။
“သြော်..။”

———————-

” mmastrology.com က ဆရာဇေကလည်း နယ်သာလန် တဲ့ဗျား..။”
” ဟုတ်လား။ ဘွတ်ကီးဒိုင်တွေက ဟော်လန် လို့ ယူတာနော်..”

” အင်း… သူကတော့ ပြောတာပဲ.. ဟော် ပဲ လန်လန် .. ကျုပ် ပဲ လန်လန် ..  တရားဝင် အမည်ပဲ သုံးမယ်တဲ့.. ။ ဘင်္ဂအိမ်ဟာ နယ်သာလန်အတွက်  အားအကောင်းဆုံးအိမ်ဖြစ်ပြီးတော့ မရဏအိမ်ဟာ အင်္ဂါအတွက် ပြဿနာများတဲ့ အိမ်ဖြစ်လို့ ဆိုလား ဘာလား..။ “

” သြော်.. သူကကော.. ဘယ်နှစ်ပွဲ မှန်နေပြီလဲ.. “
“ဟဲဟဲ…. သူလည်း တစ်ပွဲမှ မလွဲသေးဘူး လို့ ပြောရမယ်..။ သူလည်း ဆရာတေးလိုပဲ .. တစ်ပွဲမှကို မခန့်  မှန်းရသေးဘူး..။ ထိုင်းနိုင်ငံမှာ အပူချိန် စတေး ရှောင်နေလို့ လေ..”
“ဟုတ်လား..။”
————————

” ဗေဒသုခုမ က ဆရာဗိုလ် လည်း နယ်သာလန် ပဲတဲ့”
” ဟုတ်လား “
” ဟုတ်တယ်… ကမ္ဘာ့ဖလား ကိုင်နေတဲ့ နယ်လ်ဆင်မန်ဒဲလား နဲ့ နယ်သာလန် နံတူ ယူထားတာတဲ့..”

” သြော် .. ဒါဆို နယ်သာလန် ဖလားပေါ့..”
“ဖန်သားပေါ် မှာ စောင့်ကြည့်ရတာပေါ့..”

 

Leave a comment